အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်

အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၅ ရက်)

မြန်မာနိုင်ငံတွင် သမိုင်း အစဉ်အလာကောင်းများနှင့် ပြည့်စုံသော တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာမှာ ယနေ့တိုင် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ တပ်မတော်သားတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူတိုင်း အဆင့်အတန်းအားလုံးတွင် တူညီသော စိတ်ဓာတ်ရှိကြသည်။ ၎င်းမှာ ငါ့နိုင်ငံတော်ကိုငါတို့ကာကွယ် စောင့်ရှောက်မည်ဟူသော စိတ်ဓာတ်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်သည်။

တပ်မတော်သားဆိုသည်မှာ  ပြည်သူလူထုမှ မွေးဖွားလာသော သားကောင်း၊  သမီးကောင်းရတနာများသာဖြစ်သည်။ ထိုသားကောင်း၊ သမီးကောင်းတို့မှာ မိဘဖြစ်သော ပြည်သူလူထု၏ အကျိုးကိုထာဝစဉ် သယ်ပိုးနေကြသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသလို ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထား သယ်ပိုးလျက်ရှိသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆိုသည်မှာ တပ်မတော်ဟူ၍ စတင်ပေါ်ပေါက်လာသည်မှ ယနေ့တိုင်လုပ်ဆောင်နေရသော လုပ်ငန်းဖြစ်သည်။ စည်းလုံးညီညွတ် ကျစ်လျစ်ခိုင်မာသော တပ်မတော်သားတို့သည် မိမိတို့တာဝန်ကျရာ နယ်မြေအသီးသီးတွင် အစဉ်အမြဲ ပြည်သူ့အကျိုးပြု လုပ်ဆောင်ကြရသကဲ့သို့ အရေးပေါ်ဖြစ်လာသော သဘာဝဘေးအန္တရာယ်များ ကြုံခဲ့လျှင်လည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် စောင့်ရှောက်ပေးကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ “ဒို့တပ်မတော်ဟာ စနစ်တကျ ဖွဲ့စည်းထားပြီး အမြဲအသင့်ရှိတဲ့အဖွဲ့ အစည်းဖြစ်တာနဲ့အညီ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ရင်လည်း လူသားချင်း စာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief-HADR) လုပ်ငန်းတွေကို “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့အတိုင်း အမိန့်စောင့်ဖို့ မလိုဘဲ အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရမယ် ဟူ၍ ထည့်သွင်းမိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ဥတုသုံးပါးရှိပေရာ သဘာဝဘေးဆိုသည်မှာ  အဆိုပါဥတုသုံးပါးလုံးတွင် အချိန်မရွေးကျရောက်သည်။ သဘာဝဘေးအပြင် လူ့ပယောဂကြောင့်ပေါ်ပေါက်လာသည့် ဘေးဆိုးများလည်း ရှိတတ်သည်။ မည်သည့်ဘေးအန္တရာယ် ကျရောက်ပါစေ တပ်မတော်သားတို့သည် အချိန်နှင့် တစ်ပြေးညီ သွားရောက်ကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကြရမည်။ ရေကြီးရေလျှံဖြစ်သည့် အခါမျိုးတွင် မိမိအသက်ကို ပဓာနမထားဘဲ ကူညီကယ်ဆယ်မှုများ၊ ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းပေးရခြင်းများ စသည်ဖြင့်များပြားစွာသော ကူညီကယ်ဆယ်မှုများကို တပ်မတော်သားတို့က မေတ္တာ စေတနာအပြည့်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်သူတိုင်းအတွက် အရေးကြီးဆုံးအရာမှာ ကျန်းမာစွာ အသက်ရှင်သန်နေထိုင်ရေး ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသည့်အတိုင်း ကျန်းမာရေးကို လူတိုင်းမြတ်နိုး တန်ဖိုးထားကြသည်။ အချို့သောဒေသရှိ ပြည်သူများအနေဖြင့် ကျန်းမာရေး မကောင်းသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့်ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသရန် အခက်အခဲရှိကြသည်။ ဝေးလံခေါင်ဖျားသော ဒေသဆိုလျှင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလိုအပ်ပေသည်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဆိုသည့်အတိုင်း တပ်မတော်သားတို့သည် တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်နယ်လှည့်ဆေးဝါး ကုသပေးခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော  တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ လည်းကောင်း၊ ကုန်းလမ်းခရီးကြောင်းတွင်လည်း ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက်အထိလည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုပြုခဲ့ကြသည်။ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည်လည်း မတ် ၁ ရက်မှစတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မတ်လ ၂၂ ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။  ဒေသခံများ၏အားရကျေနပ် ဝမ်းသာဖွယ်စကားများကိုလည်း    ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်ပြသပေးလျက် ရှိသည်။ အနှစ်ချုပ် ဆိုရသော် တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို  ကာကွယ်စောင့်ရှောက်ရန်၊  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။