စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-၉၂
အမှတ်စဉ်(၉၂)
ပြည်ပနိုင်ငံကြီးတစ်ခုက ကျူးကျော်ပြီး ဒီမျှလောက် တိုင်းပြည်တစ်ပြည်လုံး စေ့စေ့ညက်ညက်ကြေသွားတဲ့အထိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာမျိုး မြန်မာမှာ ၁၉၄၆ ခုနှစ်နောက်ပိုင်း မရှိခဲ့ပါဘူး။
ဗီယက်နမ်နိုင်ငံဟာ စစ်ပွဲပြီးဆုံးပြီးနောက်မှာ ဘက်စုံချွတ်ခြုံကျ ကျန်ရစ်ခဲ့ပြီး ကမ္ဘာမှာ အဆင်းရဲဆုံး (Poorest Country) အဖြစ် လူ တစ်ဦး တစ်နှစ်လုံးဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ အောက်ထိ နိမ့်ကျနေခဲ့ပါတယ်။ အစပိုင်းမှာ ကွန်မြူနစ်တစ်ပါတီတို့ရဲ့ ထုံးစံအတိုင်းသွား နေခဲ့ရာမှာ လုံးဝတိုးတက်မှု မရှိခဲ့ပါဘူး။ ဒီလိုဖြစ်နေတာကို ခေါင်းဆောင် တွေက သုံးသပ်ပြီး ၁၉၈၆ ခုနှစ်ကစပြီး ကွန်မြူနစ်ပါတီ ကိုယ်တိုင်ပြုပြင် ပြောင်းလဲရေးတွေ စတင်ဆောင်ရွက်ပါတော့တယ်။ ၁၉၈၀ ပြည့်နှစ် များမှာ တရုတ်ခေါင်းဆောင် တိန်ရှောင်ဖိန် ကျင့်သုံးခဲ့တဲ့နည်းပါပဲ။ ၁၉၈၆ ခုနှစ်ကစလိုက်တဲ့ ပြုပြင်ပြောင်းလဲမှုဟာ ၂၇ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ ဗီယက်နမ်ပြည်သူ တစ်ယောက်ရဲ့တစ်နှစ်ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၉၁၀ ထိ တိုးတက်လာခဲ့တယ်။ ဆင်းရဲမှုနှုန်းဟာလည်း ၁၉၉၃ ခုနှစ်မှာ ၅၈ ရာခိုင်နှုန်းရှိနေရာကနေ ၂၀၀၂ ခုနှစ်မှာ ၁၄ ဒသမ ၅ အထိလည်းကောင်း၊ ၂၀၀၈ ခုနှစ်မှာ ၁၂ ရာခိုင်နှုန်းအထိ လည်းကောင်း လျော့ကျလာခဲ့ပါတယ်။ လူဦးရေ ၂၈ သန်းလောက်ကို ဆင်းရဲမှုကနေ ဆွဲတင်နိုင်ခဲ့တယ်။ ၂၀၁၅ ခုနှစ်စာရင်းအရ ၈ ဒသမ ၄ ရာခိုင်နှုန်းသာ ဆင်းရဲမှုသတ်မှတ်လိုင်း (Poverty Line) အောက်မှာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ဟာ မကြာမီဖွံ့ဖြိုးမှုမြင့်တဲ့နိုင်ငံ (Developed Nation) ဖြစ်ရမယ် ဆိုတာပါပဲ။ အလွန်အားကျ အတုယူဖွယ်ပါ။ အာရှရဲ့ တစ်ပါတီကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ မကြာမီ ထိပ်တန်းနိုင်ငံ စာရင်းကို ရောက်လာတော့မှာပါ။
ဗီယက်နမ် ရေနံနဲ့သဘာဝဓာတ်ငွေ့
ဗီယက်နမ်ရဲ့ စွမ်းအင်ကဏ္ဍကို နည်းနည်းပြောပါမယ်။ ဗီယက်နမ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရာဇဝင်အစဟာ ၁၉၆၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက မြောက်ဗီယက်နမ်ကို အကူအညီပေးရာကနေ စခဲ့တာ ပါ။ သို့သော် ၁၉၆၅ ခုနှစ်ကစပြီး ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးသည်ထိ နိုင်ငံမှာ ဘာစီးပွားရေးမှ လုပ်လို့ မရတော့ပါဘူး။ ၁၉၈၀ ပြည့်နှစ်အထိ တစ်ပါတီကွန်မြူနစ်ဟာ သူ့ပြည်သူကို နေ့စဉ် ထမင်းနပ်မှန်အောင် မနည်းကြိုးပမ်း နေခဲ့ရပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ တရုတ်ပြည်မ ကြီးမှာ တိန်ရှောင်ဖိန်က တစ်ပါတီကွန်မြူနစ် အုပ်ချုပ်မှုနဲ့ပဲ ဈေးကွက် စီးပွားရေးကို ကူးနေတာကို ဗီယက်နမ်က စောင့်ကြည့်လေ့လာနေခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်အရောက်မှာ ဗီယက်နမ်လည်း တရုတ်ကို နမူနာယူ ပြုပြင်ပြောင်းလဲပြီး ဈေးကွက်စနစ်ကို စလျှောက်ပါတယ်။ ခေါင်းဆောင် ဉာဏ်အမြော်အမြင်ရှိတော့ ဗီယက်နမ်အတွက် တိုးတက်ဖို့ လမ်းစဖြစ်ခဲ့ တယ်။ ၁၉၈၇ ခုနှစ်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တယ်။ ဥပဒေတွေ ပြဋ္ဌာန်းတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ လာချင်အောင် ဆွဲဆောင်တယ်။ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့စာချုပ်ခဲ့တာ စာချုပ်ပေါင်း ၁၀၂ ခုအထိတောင် များပြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲက ၆၃ ခုဟာ လက်ရှိ အသက်ဝင်နေကြဆဲပါပဲ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ နိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၇ ရာခိုင် နှုန်းအထိရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ အထိ တိုးတက်နေပါပြီ။
နိုင်ငံတကာဆက်ဆံရေးမှာ “ထာဝရရန်သူလည်းမရှိ၊ ထာဝရမိတ်ဆွေ ဆိုတာလည်းမရှိ” ဆိုတာ အလွန်မှန်ပါတယ်။ နိုင်ငံတိုင်းဟာ သူ့လောဘ နဲ့သူ တစ်ခါတစ်ရံ ရန်သူဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတစ်ရံ ရန်သူကနေ မိတ်ဆွေအသွင်ဆောင်ပြီး ပူးပေါင်းဆောင်ရွက်ကြတာလည်း ရှိပါတယ်။ အခု ဗီယက်နမ်ကိုကြည့်ပါ။ ဗီယက်နမ်ကို နှစ်ပေါင်းများစွာ ကျူးကျော်ပြီး ဗုံးကြဲခဲ့ကြတဲ့ နိုင်ငံတွေ၊ ကွန်မြူနစ်စနစ်ကို အသံတောင်မကြားချင် ပါဘူးဆိုတဲ့ နိုင်ငံတွေ၊ စစ်ပွဲမှာ ပံ့ပိုးကူညီခဲ့တဲ့ စင်ကာပူလိုနိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ တရုတ်ပြည်မှာလည်း ရှောင်လို့မလွတ်အောင် ပျားပန်းခပ်နေကြသလို အခု ဗီယက်နမ်မှာလည်း ဒီလိုပါပဲ။ ဝါဒရေးရာဟာ ကမ္ဘာမှာ ကြားခံမဟုတ်တော့ပါဘူး။ ခေါင်းဆောင်တွေ အနေအထိုင်တတ်ဖို့သာ အဓိကဆိုတာပြနေပါပြီ။ ရေနံသဘာဝဓာတ်ငွေ့ ဆိုတာ စားရရင် မြက်မြက်ကလေးနဲ့ နှစ်ပေါင်းများစွာ စားကြရမှာဆိုတော့ ဘယ်လိုဝါဒနဲ့ နိုင်ငံဖြစ်ပါစေ ဝိုင်းအုံလာကြတာပါပဲ။
ဘယ်သူတွေ ဗီယက်နမ်နိုင်ငံရဲ့ ရေနံသဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာလာပြီး ရင်းနှီးမြှုပ်နှံကြသလဲဆိုတာ အောက်ပါအတိုင်း တွေ့ရပါမယ်။
(၁) Chevron (အမေရိကန်ကုမ္ပဏီ)
(၂) Exxon Mobil (အမေရိကန်ကုမ္ပဏီ)
(၃) KNOC (တောင်ကိုရီးယားကုမ္ပဏီ)
(၄) Gazprom (ရုရှားကုမ္ပဏီ)
(၅) Petronas (မလေးရှားကုမ္ပဏီ)
(၆) PTTEP (ထိုင်းကုမ္ပဏီ)
(၇) Talisman (စပိန် (ယခင်ကနေဒါ)ကုမ္ပဏီ)
(၈) TOTAL (ပြင်သစ်)
(၉) Neon Energy (ပြင်သစ်)
ဗီယက်နမ်ရဲ့ ရေနံသဘာဝ ဓာတ်ငွေ့သိုက်မှာ နှစ်စဉ်တိုး၍တိုး၍ အတည်ပြုနိုင်တဲ့ ပမာဏများပြားခဲ့ပေမယ့် ရေနံဈေးကျနေလို့ မျှော်မှန်း သလောက်တော့ နိုင်ငံအတွက် ဝင်ငွေတိုး မလာခဲ့ပါဘူး။ သို့သော် တိုးပြီး ထုတ်နိုင်လို့ ဝင်ငွေစုစုပေါင်းကတော့ ကျမသွားပါဘူး။ ဗီယက်နမ်ရဲ့ ရေနံထုတ်လုပ်မှုဟာ ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပဲ ရေနံစည်သန်း ပေါင်း ၁၈ ဒသမ ၇၅ နဲ့ ဓာတ်ငွေ့ကုဗမီတာဘီလီယံ ၁၀ ဒသမ ၆၇ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ ဆက်စပ်မှုတွေ လုပ်ကိုင်ဖို့ နိုင်ငံပိုင်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ကုမ္ပဏီဖြစ်တဲ့ ဏနအမသလငနအညော ကို ၁၉၈၆ ခုနှစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး ကတည်းက စီးပွားရေး အဖွဲ့အစည်းပုံစံ စတင်တည်ထောင်ခဲ့တာ ယခု အခါမှာ တချို့သော ဖက်စပ်လုပ်ငန်းများမှာ ဗီယက်နမ်နိုင်ငံဟာ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ဆောင်ရွက်နိုင်တဲ့ အဆင့်ထိ ရောက်နေပါပြီ။
ဆက်လက်ဖော်ပြပါမည်။