(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်း ဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၂၅

    (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်း ဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား အမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ် နှင့် အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်း တွင် မန္တလေးမြို့ ကျူံး၏ အရှေ့မြောက်ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် စက်ဘီးစီး အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးက တာလွှတ်နေရာဖြစ်သည့် ၂၆ လမ်းနှင့် ၇၃ လမ်းထောင့် ကျူံးတောင်ဘက် မင်္ဂလာတံတား အချက်ပြနေရာမှ သေနတ်ပစ်ဖောက် တာလွှတ်ရာ ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်လမ်းကြောင်းများအတိုင်း  စီးနင်းယှဉ်ပြိုင် ကြပြီး ပန်းဝင်လာကြသူများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းမှူးက ပြိုင်ပွဲတွင် အသက်အကြီးဆုံး အားကစားသမား ၂ ဦးအား အထူးဆု ဂုဏ်ပြု ဆုငွေနှင့် ဆုတံဆိပ်တို့အား ထပ်မံချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစား သမား ၁၆၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

    ထို့ပြင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ကျပန်း စကားပြောပြိုင်ပွဲကို  မတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင် (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။