ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂၆ ရက်)

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု

မြန်မာနိုင်ငံသည်  သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ ထည်ဝါစွာရပ်တည်ခဲ့ ကြသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝလက်လွှတ်ဆုံးရှုံးခဲ့ရသည်။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်မှုစွမ်းအား၊ တပ်မတော်၏စွမ်းအားတို့ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲများကို အသက်ပေါင်းများစွာစတေး၍ ဆင်နွှဲခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ 

ယခင်က စည်းလုံးညီညွတ်မှုရှိခဲ့သော တိုင်းရင်းသားအပေါင်းသည် ကိုလိုနီနယ်ချဲ့၏နှစ်ပေါင်းရှည် ကြာသွေးခွဲအုပ်ချုပ်ခဲ့မှု၊ လွတ်လပ်ရေးပေးသည့်အချိန်တွင် စစ်အတွင်းက လက်နက်များအား စနစ်တကျ ပြန်လည်သိမ်းဆည်းရန် ပျက်ကွက်ခဲ့မှုတို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာကာ လူမျိုးရေး သံသယများလည်းပေါ်ပေါက်ခဲ့သည်။ နိုင်ငံတော်အစိုးရက တည်ဆောက် ပေးထားသည့် လမ်းတံတားများ၊ ရထားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများအား နည်းမျိုးစုံသုံး၍ ဖျက်ဆီးခံခဲ့ရသည်။ ထိုလက်နက်ကိုင် ပဋိပက္ခများကြောင့်ပင်လျှင် နိုင်ငံတော်သည် တိုးတက်သင့်သလောက် တိုးတက်ခြင်းမရှိခဲ့ပေ။ ဤသို့သော အဖျက်လုပ်ရပ်များကြောင့် ပြည်သူတို့များစွာ နစ်နာခဲ့သည်။

နယ်မြေအေးချမ်းတည်ငြိမ်မှုနှင့် လူမှုဘဝလုံခြုံမှုအပေါ် ထိခိုက်စေလျက်ရှိသော အကြမ်းဖက်လုပ်ရပ်မျိုးပြုလုပ်ပြီး မိမိတို့ လိုလားချက်များကို ရှေ့တန်းတင်တောင်းဆိုခြင်း မဖြစ်သင့်ပေ။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအနှောင့်အယှက် ဖြစ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ထွန်းလာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်ကိုဦးဆောင်သည့်အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို  ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍လည်းကောင်း၊ ဦးတည်ချက်(၁၂)ရပ်တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး” ဟူ၍လည်းကောင်း ထင်ရှားစွာဖော်ပြထားသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက၎င်းတို့အား ကိုယ်စားပြုသူကို ကိုယ်တိုင်ရွေးချယ်အုပ်ချုပ်စေသော စနစ်ဖြစ်ပြီး ဖက်ဒရယ် စနစ်ဆိုသည်မှာ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။ ဖက်ဒရယ်နှင့်ပတ်သက်ပြီး အယူအဆအမျိုးမျိုးကွဲပြားနေပါစေ၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့် သဟဇာတဖြစ်မည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက် တည်ဆောက်သွားမည်သာ ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာလျှင် ဖက်ဒရယ်ဟူသောစကားရပ်ကို အသုံးမပြုခဲ့သော်ငြား မြန်မာဘုရင်တို့သည် ဒေသအလိုက် အပိုင်စား၊ နယ်စား၊ မြို့စား၊ ရွာစားများကို အုပ်ချုပ်ပိုင်ခွင့်ပေးအပ်ပြီး ဘုရင့်ထံမှာသစ္စာခံစေခဲ့သည့် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ညောင်ရမ်းခေတ် သာလွန်မင်းလက်ထက်မှစပြီး အရပ်ရပ်အုပ်ချုပ်ရေးအမိန့်တော်ထမ်း၊ ရာထူးအလျောက် စီရင်ပိုင်ခွင့်အာဏာများ ထုတ်ပြန်တာဝန်ပေးအပ်ခဲ့သည်။   ဘုရင်ကတစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး စနစ်တကျအုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးခဲ့သည်။    

ကိုလိုနီစနစ်အောက်တွင်  တောင်တန်းဒေသနှင့်ပြည်မကို  အုပ်ချုပ်ရေးနှစ်ခုခွဲခြားအုပ်ချုပ်ခံရပြီး  တောင်တန်းဒေသနှင့်ပြည်မတို့ကို အမျိုးမျိုးသွေးခွဲခဲ့သည်။  ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် နေထိုင်စဉ်က   တိုင်းရင်းသားအားလုံး အေးအတူပူအမျှရှိခဲ့ကြသည်။  သမိုင်းကြောင်းအစဉ်အဆက်တွင် တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်လာခဲ့သည့် ပြည်ထောင်စုနိုင်ငံသာဖြစ်သည်။   နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၈ တွင်လည်း “နိုင်ငံတော်ကိုပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်” ဟူ၍ သတ်မှတ်ပြဋ္ဌာန်း ပြီးဖြစ်သည်။ ထို့ပြင် ပုဒ်မ ၆(င)တွင်လည်း “နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေး” ဟူ၍လည်း ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေ ရေးအတွက် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်ရေး ကိုလည်း ဦးတည်ကြိုးပမ်းလျက်ရှိသည်။ တပ်မတော်သည်   နိုင်ငံ့အရေးဖြစ်သည့်  တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေခြင်းဖြစ်ရာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များကူညီ ဆောင်ရွက်ပေးမည်သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။