စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

မော်သာထွေး(မန္တလေး)

အမှတ်စဉ်(၉၃)

ဒီလိုပါဝင်ဆောင်ရွက်နိုင်တဲ့အတွက် ပြည်တွင်းရေနံသဘာဝဓာတ်ငွေ့ စီမံခန့်ခွဲမှုမှာ Petrovietnam ဟာ အရေးပါတဲ့ နေရာကနေ ရပ်တည်နိုင်နေပါပြီ။ ကုမ္ပဏီဟာ ရေနံချက်စက်ရုံတစ်ရုံကို ကိုယ်ပိုင်တည်ဆောက်နိုင် သလို ဓာတ်မြေသြဇာ စက်ရုံနှစ်ရုံလည်း ဆောက်လုပ်လည်ပတ်နေပါပြီ။  ပြည်တွင်းသုံးစွဲမှုအပေါ် ကုန်ပစ္စည်းအလိုက် ဖြည့်ဆည်းပေးနိုင်မှုတွေက တော့-

            Liquid Petroleum Gas (LPG)     -           ၄၄ ရာခိုင်နှုန်း

            Gasoline                                   -           ၃၄ ရာခိုင်နှုန်း

            Disel                                         -           ၃၃ ရာခိုင်နှုန်း

            Fuel Oil                                     -           ၉ ရာခိုင်နှုန်း

            Jet.A.L                                      -           ၈ ရာခိုင်နှုန်း

            Fertilizer                                   -           ၅၆ ရာခိုင်နှုန်း

အသီးသီးဖြစ်ပေါ်နေပါပြီ။ ဓာတ်မြေသြဇာစက်ရုံဆိုရင် နှစ်စဉ်တန် ၈၀၀၀၀၀ ကျ စက်ရုံနှစ်ရုံတောင် တည်ဆောက်ပြီးစီးခဲ့ပါပြီ။ သူ့နိုင်ငံက ထွက်တဲ့ဓာတ်ငွေ့ကို ထိရောက်အကျိုးရှိမယ့်ပစ္စည်းအဖြစ် ပြောင်းလဲထုတ် လုပ်လိုက်ပါပြီ။ ဒီလိုဓာတ်မြေသြဇာ ထုတ်လုပ်လိုက်နိုင်တာရဲ့ အကျိုးဆက် အဖြစ် ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ နိုင်ငံခြားကို ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ်သဘာဝဓာတ်ငွေ့ထွက်ရှိမှုဟာ ဗီယက်နမ်ထက် ၂ ဆနီးပါးဖြစ် နေပေမယ့် နိုင်ငံခြားကို ၇၅ ရာခိုင်နှုန်းရောင်းချနေပြီး ကျန်တာကို မီးရှို့ ပြီး ဓာတ်အားထုတ်နေတာကြောင့် ပြည်တွင်းဓာတ်မြေသြဇာထုတ်လုပ် မှုအပါအဝင် အခြားသောဓာတ်ငွေ့သုံးစွဲထုတ်လုပ်မယ့်ပစ္စည်းတွေ ထုတ် လုပ်မှုထိရောက်အောင်  ပံ့ပိုးမပေးနိုင်တာကိုလည်း  တွေ့ရပါတယ်။ မြန်မာမှာ စလေ၊ ကျွန်းချောင်း၊ ကျော်စွာ၊ မြောင်းတကာ၊ ကန်ကြီးထောင့် တို့မှာ ဓာတ်မြေသြဇာစက်ရုံ ၅ ရုံရှိပါတယ်။ စုစုပေါင်း တစ်နှစ်ဓာတ်မြေသြဇာထုတ်လုပ်မှုဟာ ၅ ရုံပေါင်းတန်ချိန် ၅၅၀၀၀၀ ထက်မပိုပါဘူး။ ဒီပမာဏဟာ ဗီယက်နမ် ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံသာဖြစ်နေပါတယ်။ ဒီအချက်ကပဲ တစ်ချိန်က အရှေ့တောင်အာရှမှာ ဆန်အိုးကြီးလို့ခေါ်တဲ့ မြန်မာဟာ ဗီယက်နမ်နဲ့ ထိုင်းတို့နောက်မှာ ကျန်ခဲ့ရတဲ့ အဓိကအချက် ပါပဲ။

ဗီယက်နမ်ရဲ့ စွမ်းအင်စီမံခန့်ခွဲမှုဟာ ထောင့်စေ့ပါတယ်။ ပြည်တွင်း သုံးကိုဦးစားပေးပြီး နိုင်ငံခြားငွေချွေတာတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံကြမယ့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့သွင်း အားစုတွေဖြစ်တဲ့ ဓာတ်ငွေ့နဲ့ လျှပ်စစ်ကို လုံလောက်အောင်ပေးနိုင်အောင် စီမံတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တစ်ဖက်က အာပေါက်အောင် အော်ခေါ်နေပေမယ့် ဖော်ပြခဲ့တဲ့ကိစ္စရပ်တွေ လုံလောက်အောင် ပံ့ပိုး မပေးနိုင်ရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ကိုယ့်ထက်ပိုပြီး ပံ့ပိုးနိုင်တဲ့နိုင်ငံတွေ ဆီရောက်သွားမှာ သေချာပါတယ်။ အခုမြန်မာကို ပြန်ကြည့်ရင် ရေနံနဲ့  သဘာဝဓာတ်ငွေ့ကနေ   အသွင်ပြောင်းပြီးထုတ်လုပ်ရမယ့် ပစ္စည်းတွေကို ကိုယ်တိုင်မထုတ်လုပ်နိုင်လို့ ပြည်ပကသာ ပြန်သွင်းပြီး သုံးစွဲနေရတာကိုတွေ့ရပါတယ်။ ရောင်းလို့ရတဲ့ သဘာဝ ဓာတ်ငွေ့ဟာ ကိန်းဂဏန်းအဖြစ် ဂုဏ်ယူစရာ ပြည်ပဝင်ငွေဖြစ်နေရုံကလွဲလို့ မြန်မာ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် ထပ်တိုးရရှိ လာမယ့် (Value Added) အခွင့်အလမ်းတွေ ဖြစ်လာစေမယ့် စီမံခန့်ခွဲမှုမဟုတ်တာကိုတော့ တွေ့ရ ပါမယ်။ (ရှေ့ပိုင်းမှာ မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ ရှင်းလင်းစဉ်မှာ ဝင် ငွေထွက်ငွေကို ကိန်းဂဏန်းနဲ့ ပြခဲ့ပြီးဖြစ်ပါတယ်။)

ဗီယက်နမ်လျှပ်စစ်

ယခုလျှပ်စစ်ကဏ္ဍကို သွားကြရအောင်ပါ။ ဗီယက်နမ်စစ်ပွဲဟာ ၁၉၇၅ ခုနှစ်ထိ ဖြစ်ပွားနေခဲ့တာကြောင့် သူ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို  အရှေ့ တောင်အာရှနိုင်ငံတွေထက် နှစ် ၃၀ နီးပါးနောက်ကျပြီးမှ စခဲ့ရတာကို ရှေ့ပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်တယ်။ သို့သော် ဗီယက်နမ် ခေါင်းဆောင်နဲ့ ဗီယက်နမ်ပြည်သူရဲ့စိတ်ဓာတ်က ရှေ့ကိုကြိုကြည့်ပြီး ပြင်သင့်တာ၊ ပြောင်းသင့်တာကို ရဲရဲလုပ်ကိုင်ခဲ့တယ်။ စွမ်းအင် ကဏ္ဍထဲက ရေနံသဘာ၀ ဓာတ်ငွေ့ကိစ္စကို ၁၉၈၇ ခုနှစ်က စတင်ပြောင်းလဲခဲ့တယ်။

ဗီယက်နမ်ရဲ့ လျှပ်စစ်စီမံခန့်ခွဲမှုကို Ministry of Industry and Trade အောက်မှာထားပါတယ်။ ၁၉၉၁ ခုနှစ်မှာပဲ ဗီယက်နမ် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် Electricity of Vietnam (EVN) ကို ၁၀၀ ရာခိုင်နှုန်း နိုင်ငံပိုင်လျှပ်စစ် ဓာတ်အားလုပ်ငန်း အဖြစ် ဖွဲ့စည်း ခဲ့တယ်။ EVN ရဲ့ အုပ်ချုပ်မှုအောက်မှာ လုပ်ငန်းခွဲတွေခွဲပြီး စနစ်တကျ ဖွဲ့စည်းပြီး စီမံခဲ့တယ်။ EVN ဟာ ဓာတ်အား ထုတ်လုပ်မှု  (Power Generation) ကိစ္စများကို ကိုယ်တိုင်လည်း ပိုင်ဆိုင်မှုရယူဆောင်ရွက် သလို ပုဂ္ဂလိကကိုလည်း ခွင့်ပြုထား တယ်။ သို့သော် မဟာဓာတ်အားလိုင်း (Power Transmission Line) နဲ့ ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) နှစ်ခုကိုတော့ ရာနှုန်းပြည့် ကိုယ်တိုင်စီမံခန့်ခွဲတယ်။

EVN အောက်မှာ ဓာတ်အားထုတ်လှုပ်မှုကို ကော်ပိုရေးရှင်းများအဖြစ် GENCO 1,2,3 တွေက ခွဲဝေဆောင်ရွက်နေတယ်။ အလားတူပဲ ပိုမို ကောင်းမွန်တဲ့စီမံခန့်ခွဲမှုဖြစ်စေရေး ဗီယက်နမ်ကို အပိုင်းတွေခွဲပြီး ဓာတ်အားကုမ္ပဏီ (Power Corporation) တွေဖွဲ့စည်းပြီး EVN အောက်မှာ ဆောင်ရွက်စေတယ်။ ဘယ်လိုပိုင်းခြားထားသလဲဆိုရင် -

(၁) Northern Power Corporation (EVN NPC)

(၂) Central Power Corporation (EVN CPC)

(၃) Southern Power Corporation (EVN SPC)

(၄) Hanoi Power Corporation (EVN HPC)

(၅) Ho Chi Minh City Power Corporation (EVN HCPC) 

စတာတွေနဲ့ ဖွဲ့စည်းထားတယ်။ အလားတူပဲ ဓာတ်အားလိုင်းနဲ့ ပတ်သက်ရင် တာဝန်ခံဖို့ Nation Power Transmission ဆိုပြီးလည်း သီးခြားအဖွဲ့နဲ့ (EVN NPT) ဆိုပြီး သုံးပိုင်းခွဲပြီး စီမံခန့်ခွဲတယ်။

  ဆက်လက်ဖော်ပြပါမည်။