အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်

အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်

ကမ္ဘာပေါ်ရှိ ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်များသည် လူသားတို့အသက်ရှည်ကျန်းမာရေးအတွက် ဆေးကောင်းဝါးကောင်းများကို သုတေသနပြုရှာဖွေ လျက်ရှိကြသည်။ သို့သော် တခြားတစ်ဖက်တွင်လည်း အရက်သေစာ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီကြီး များက တန်ဖိုးကြီးမားသော အရက်အမျိုးမျိုးကို နှစ်စဉ် တိုး၍ ထုတ်လုပ်ရောင်းချလျက်ရှိသည်။

အသက်ရှည်ဆေးနှင့် ဆေးကောင်းဝါးကောင်း ရှာဖွေနေသူများအတွက် ကမ္ဘာ့စကားပုံအဘိဓာန်စာအုပ်ပါ တမီလ်(Tamil) စကားပုံ တစ်ခုကို တင်ပြရလျှင် Abstinence is the best medicine (အရက် သေစာနှင့်သာယာမှုကို ရှောင်ကြဉ်ခြင်းသည် အကောင်း ဆုံးဆေးဝါး) ဖြစ်သည်ဟု ဆိုသည်။ တစိမ့်စိမ့်တွေးလေ မှန်ကန်မှုအလွန်ရှိကြောင်း သိရမည့်စကားပုံတစ်ခု ဖြစ်သည်။

ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ဆေးလိပ်နှင့် ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အရက်သေစာတို့သည် အသက်တိုစေသော၊ ရောဂါ ရစေသောအရာများဖြစ်သည်။ သို့သော် ဆေးလိပ်သောက်၍ လူသတ်မှုမဖြစ်၊ ဘိန်းဖြူ သုံးစွဲ၍ လူသတ်မှုမဖြစ်၊ အရက်သေစာ သောက်စား ပြီးမှသာ လူသတ်မှု၊ လုယက်မှု၊ စိတ်မထိန်းနိုင်မှုများ ဖြစ်လေ့ရှိသည်ဟု သုတေသီများက ဆိုကြသည်။

စိတ်ညစ်လို့ အရက်ကိုသောက်တယ် အရက်သောက်တော့ စိတ်ပိုညစ်တယ် အကြောင်းရှာတော့ ခေါင်းမှာချာချာလည် စသည့် စာသားများ ပါဝင်သော ဂုဏ်သီချင်းကိုရေးသားခဲ့သူ ဆရာကြီးဦးသုခသည်ပင် ဤသီချင်းကြောင့် အရက်သောက်သူလျော့မသွားဘဲ ပိုများလာကာ အရက်သမားလက်စွဲသီချင်းဖြစ်သွားသဖြင့် ရေးမိသည်ကို မိမိအမှားဟုထင်မိကြောင်း ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

၁၉၃၀ ပြည့်နှစ်မတိုင်မီက ဆေးလိပ်နှင့်အရက်ကြောင့် သေဆုံးသူအများစုမှာ အမျိုးသားများသာဖြစ်သည်။   နောက်ပိုင်းနှစ်များတွင်   လူ့အခွင့်အရေး အကြောင်းပြကာ အမျိုးသမီးများသည် အမျိုးသားများ နှင့်တန်းတူ အခွင့်အရေးပို၍ရလာကြသည်။ နောက်ပိုင်းတွင် အရက်နှင့်ဆေးလိပ်ကြောင့် သေဆုံးသူများ စာရင်းတွင် အမျိုးသမီးများလည်း အမျိုးသားများနှင့် တန်းတူပါလာတော့သည်ဟု ဆိုသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲများ၌ပင် အမျိုးသမီးများက အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး အရက်သေစာ သောက်စားနေကြသည်ကို မြင်တွေ့နေရသည်။ စီးပွားရေးသမားများအမြင်အရ သင်္ကြန်ပွဲတော်တွင် ရောင်းအားအကောင်းဆုံးအရာမှာ အရက်နှင့်ဘီယာဖြစ် သည်ဟု သိရသည်။ 

လူငယ်များ   အထူးသဖြင့်   ခေတ်၏သမီးပျို မိန်းကလေးများအတွက် သတိပေးလိုသည်မှာ ရှေးက လူကြီးများ ပြောကြားသကဲ့သို့   အရှက်နှင့်အသက် မဟုတ်တော့ အရက်နှင့်အသက်ဟု သတိပေးရမည် ထင်ပါသည်။ အရက်၊ ဘီယာသည် ယနေ့လူငယ် ပေါင်းများစွာ ၏ အသက်ဝိညာဉ်အား နုတ်ယူနေသည် ကို သတိထားကြစေချင်သည်။

လူကြီးများအတွက် သတိပေးလိုသည်မှာ အရက်အနည်းငယ်သောက်ပေးလျှင် နှလုံးကျန်းမာရေး ကောင်းစေသည်ဟု ၁၉၈၀ ပြည့်နှစ် က သုတေသီအဖွဲ့ ရှစ်ဖွဲ့မှတင်ပြခဲ့ရာ လူကြီးများ ဆေးဖြစ်ဝါးဖြစ် သောက်နိုင်သည်ဟု ယူဆခဲ့ကြသည်။ နောင်နှစ်ကြာ လာသောအခါ   အသည်းခြောက်ရောဂါ အဖြစ်များလာသည့်အတွက် သုတေသနပြုခဲ့သော ထိုအဖွဲ့များသည် အရက်ကုမ္ပဏီကြီးများ၏ သြဇာ လောင်းရိပ် မကင်းကြောင်း သိလာရသည်ဟု (ဆရာကြီးသိပ္ပံမှူး တင်၏ ဟောပြောချက်တစ်ခုတွင်) သိရှိရပါသည်။  အရက်ကောင်း ကြောင်း သုတေသနသည်ပင် မယုံရ ကြောင်း သိလာရပါသည်။

တိုင်းပြည်၏ အနာဂတ်သည် လူငယ်များဖြစ်သည်။ လူငယ်များနှင့် အရက်၊ ဘီယာဆိုင်များ လက်ပွန်းတတီးဖြစ်နေခြင်းသည်  ရင်လေးဖွယ် အနာဂတ်ဖြစ် သည်။ လူကြီးများသည်လည်း အတွေ့အကြုံရင့်ကျက်မှု၏  လမ်းပြများဖြစ်သည်။  ကျန်းမာရေးအသိမှား ကြောင့် အသက်တိုသောလူကြီးများ မဖြစ်သင့်ပါ။

အသက်ရှည်ရှည်နေချင်ပါသလားမေးလျှင် လူတိုင်း နေချင်ကြမည်။ အသက်ရှည်ဆေးကို အလိုရှိပါသလား ဟုမေးလျှင် လူတိုင်း လိုချင်ကြမည်ထင်ပါသည်။ ထို့အတွက် အကောင်းဆုံးဆေးဝါးမှာ အရက်သေစာကို ရှောင်ကြဉ်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။                      

 ကြည်လွင်မြင့်(မုဒြာ)