စတော်ဘယ်ရီလှိုင်လှိုင်ထွက်ပေါ်နေပြီး ရောင်းအား အကောင်းဆုံးဖြင့် အကျိုးအမြတ်ရရှိ

ပြင်ဦးလွင်၊ စီးပွားရေး

စတော်ဘယ်ရီလှိုင်လှိုင်ထွက်ပေါ်နေပြီး ရောင်းအား အကောင်းဆုံးဖြင့် အကျိုးအမြတ်ရရှိ

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ဒေသ၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသီးနှံသည်  ဇန်နဝါရီလလယ်မှစတင်၍ ထွက်ပေါ်ခဲ့ရာ လက်ရှိတွင် လှိုင်လှိုင်ထွက်ပေါ်နေပြီး ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ်ရရှိနေကြောင်း၊ ယခင်နှစ်၌ စတော်ဘယ်ရီသီးနှံဧက ၂၀၀ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၂၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များ   နှစ်ဆကျော်ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာအစဉ်အဆက် ဆက်လက်စိုက်ပျိုးနေကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခုနှစ်တွင် စတော်ဘယ်ရီ တစ်ဧကလျှင် ငွေကျပ် ၂၅-၃၀ သိန်းခန့် ကုန်ကျ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၅-၂၀ သိန်းရရှိပြီး စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ခုနစ်လကျော် ကြာမြင့် ကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင်ထွက်ပေါ်ချိန်တွင် စတော်ဘယ်ရီချိုမွှေးသီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၊  စတော် ဘယ်ရီရိုးရိုး အကျွတ်သီး တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ စတော်ဘယ်ရီဖျော်ရည်သီး(ဒေသမျိုး) တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယခုလှိုင်လှိုင်ပေါ်ချိန်တွင်   စတော်ဘယ်ရီချိုမွှေးသီး   တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ စတော်ဘယ်ရီရိုးရိုး အကျွတ်သီး တစ်ပိဿာ လျှင် ငွေကျပ် ၇၀၀၀၊ စတော်ဘယ်ရီဖျော်ရည်သီး (ဒေသမျိုး) တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။      

ဇော်မျိုး(မြဝတီ)