(၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

(၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

နေပြည်တော်၊  မတ်   ၂၈

      ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဘောဂသီရိအဝေးပြေး ကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင် လည်းကောင်း၊ ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူ ထားရှိသည်။

    အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့ သွားရောက်သည့်လမ်း တစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ ဖြင့် စိုက်ထူထားပြီး စစ်ရေးပြကွင်း အဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။ စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယ နှင့် တတိယမြန်မာနိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်ထုကြီး များကိုလည်းကောင်း၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ တံဆိပ်ကြီးကိုလည်းကောင်း၊ ပန်းအလှများဖြင့် ခြယ်သထားပြီး စစ်ရေးပြကွင်းကြီး အတွင်းတွင်လည်း ဗမာ့ လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေး တပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့်အပြင် မီးထွန်းညှိထားသည့် တပ်မတော် နေ့ မီးရှူးတိုင်ကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။

  ထို့အပြင် ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်တံဆိပ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံ ငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို ပြသထားသည်။ ပန်းခြံ အတွင်း ဖိုင်ဘာဖြင့်ပြုလုပ်ထားသည် စစ်သည်ရုပ်တုငယ်များ၊ ပုံဖော်ထားသည့် ပန်း အလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများ ဖြင့် ပြုလုပ်ထားရှိရာ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။

    ထို့ပြင် (၇၈)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့် ထွန်းညှိ၍ ဂုဏ်ပြုအလှ ဆင်မှုများ ပြုလုပ်ထားလျက်ရှိရာ အဆိုပါ နေရာများသို့ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူးစည်းကားလျက် ရှိကြောင်း သတင်းရရှိသည်။