ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ မတ် - ၂၈

    ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထား တတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့် အတူ ဗဟုသုတ ရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ နှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစု ဝင်  ကျောင်းသား၊ ကျောင်းသူများအား  ယဉ်ကျေးလိမ္မာ သင်တန်း၊ ကွန်ပျူတာ အခြေခံ သင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြ သည်။

    ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိ ဗလမင်းထင်ခန်းမ၌ မြန်မာ့သိုင်းသင်တန်းကို လည်းကောင်း၊  အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတပ်မြို့ရှိ ကျောင်းခန်းမ၌ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်းနှင့် ကွန်ပျူတာအခြေခံ သင်တန်းတို့ကို လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြားပေးကြ သည်။

    သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။ ဖွင့်ပွဲများတွင် တိုင်းမှူးများနှင့် တာဝန်ရှိသူများက  သင်တန်းဖွင့်အမှာ စကားများ ပြောကြားကြပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။ ထို့နောက် သင်တန်းများဖွင့်လှစ် သင်ကြားနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

    အလားတူ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား နွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။