ဝင်ငွေကောင်းပြီး အကျိုးအမြတ်ရရှိခြင်းကြောင့် နာနတ်စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်လာ

ဝင်ငွေကောင်းပြီး အကျိုးအမြတ်ရရှိခြင်းကြောင့် နာနတ်စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်လာ

 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ စိုက်ပျိုးမြေများမှာ ကောင်းမွန်ပြီး ရာသီဥတု သင့်တင့်မျှတမှုရှိသောကြောင့် တောင်သူများမှာ ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးပြီး တစ်နှစ်တာကာလအတွင်း ဝင်ငွေကောင်းပြီး အကျိုးအမြတ်ရရှိသည့် နာနတ်စိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရသည်။

ကျွန်တော်တို့ တောင်သူတွေအနေနဲ့ သီးနှံဈေးကွက်ကောင်းပြီး အကျိုးအမြတ်ရရှိတဲ့ နာနတ်စိုက်ပျိုးရေးကို တစ်နှစ်ထက်တစ်နှစ် တစ်နိုင်တစ်ပိုင်တိုးချဲ့ လုပ်ကိုင်လာကြပါတယ်။ နာနတ်စိုက်ပျိုးရေးက မြေဧကကျဉ်းကျဉ်းမှာ အရင်းအနှီးနည်းနည်းနဲ့ စတင်လို့ရတဲ့အတွက်  လူကြိုက်များပြီး အရောင်းအဝယ် ကောင်းမွန်တာကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပါတယ်။ အခုအချိန်မှာတော့  နာနတ်စိုက်ပျိုးဖို့  မြေပြင်တဲ့ လုပ်ငန်းတွေကို စတင်နေပါပြီ။ မျိုးသားတက်တွေကိုတော့   ဒေသဘိလပ်မျိုးနဲ့ ထိုင်ဝမ်မျိုးတွေကို   စိုက်ပျိုးကြပါတယ်။ လက်ရှိအပင်သားတက်ဈေးက တစ်ပင်ကို ငွေကျပ် ၈၀၀ ဈေးရှိပြီး နာနတ်သီးတစ်လုံးကို အသီးအရွယ်အစားအလိုက် ငွေကျပ် ၁၀၀၀ ကနေ ငွေကျပ် ၂၀၀၀ အထိ ရောင်းချရပါတယ်ဟု ဟိုင်းကြီးကျွန်းမြို့ရှိ  နာနတ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုနေစိုးက ပြောသည်။ 

နာနတ်စိုက်ပျိုးရေးအတွက် လိုအပ်သောမျိုးပင်များအား ပင်မသားတက်ဖြင့် မျိုးပွားယူနိုင်သကဲ့သို့   အသီးပေါ်ရှိ သားတက်ဖြင့်လည်း  မျိုးပွားယူနိုင်သည်။ ပင်မသားတက်ဖြင့် မျိုးပွားစိုက်ပျိုးခြင်းသည် စိုက်ပျိုးမြေကောင်းမွန်ပါက တစ်နှစ်အတွင်း အသီးသီးနိုင်သည်။ နာနတ်သည် လောင်းရိပ်မကြောက်သော   အပင်မျိုးဖြစ်သဖြင့် အချို့တောင်သူများမှာ ငှက်ပျောခင်းများနှင့် အခြားနှစ်ရှည်သစ်မာစိုက်ခင်းများ အကြားတွင် သီးညှပ်စိုက်ပျိုးကြကြောင်း၊ နာနတ်စိုက်ပျိုးပြီးချိန်တွင် ပေါင်းမြက်များအား ရှင်းလင်းပေးရန် လိုအပ်ပြီး  မိုးရာသီတွင်လည်း အပင်ခြေရင်းတွင် ရေမဝပ်အောင် ဂရုစိုက်ရကာ အသီးသီးချိန်တွင် ကြွက်များဖျက်ဆီးမှုမရှိအောင် အထူးဂရုစိုက်ရကြောင်း သိရသည်။