ဟိုင်းကြီးကျွန်းဒေသထွက် ဓနိများ မိုးကြိုကာလ၌ဈေးကောင်းရရှိ

ဟိုင်းကြီးကျွန်းဒေသထွက် ဓနိများ မိုးကြိုကာလ၌ဈေးကောင်းရရှိ

ပင်လယ်ရေငန်ရောက် ဒေသများနှင့် ဒီရေတောများတွင် ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များမှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အောက်ဘက် ဟိုင်းကြီးကျွန်းမြို့အထိ  နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး ပေါများစွာပေါက်ရောက်လေ့ရှိရာ ယခုလို မိုးကြိုကာလ၌ လူနေအိမ်၊ အလုပ်ရုံများတွင် အမိုးအကာအဖြစ် အသုံးများလာ၍ ဟိုင်းကြီးကျွန်းမြို့ဒေသထွက်  ဓနိများမှာ ဈေးကောင်းရရှိကာ လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဓနိပင်များကို စိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်၌ စနစ်တကျ တစ်ပင်နှင့်တစ်ပင် ၆ ပေခြား၍စိုက်ပျိုးကြပြီး အချိန်ကာလ ကြာလာသည်နှင့်အမျှ  ဓနိသီးမျိုးပင်များကြွေကျကာ အလျဉ်းသင့်သလိုပေါက်ရောက်ပြီး  ဓနိတောကြီးသဖွယ်ဖြစ်လာကြောင်း၊ ဓနိပင်သက်တမ်း ၃ နှစ်မှ ၄ နှစ်တာကာလအတွင်း ဓနိပင်တစ်ပင်လျှင် ဓနိလက် ၁၀ လက်မှ အလက် ၂၀ အထိ ခုတ်ယူရရှိပြီး အပင်သက်တမ်း  ကြာလာသည်နှင့်အမျှ ဓနိပိုမိုထွက်ရှိကြောင်း ဓနိခြံပိုင်ရှင်များထံမှ သိရသည်။

ဓနိလုပ်ငန်းသည်    တစ်နှစ်လျှင် တစ်ကြိမ်သာ ငွေပေါ်သည့်လုပ်ငန်းဖြစ်ကာ စတင်စိုက်ပျိုးသည့်အချိန်မှလွဲ၍ နောက်ပိုင်း အရင်းအနှီး လုံးဝစိုက်ထည့်စရာမလိုသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဓနိခြံပိုင်ရှင် များအနေဖြင့် တစ်မိုးတွင်းလုံး ဓနိလက်မွေး၍ မတ်လနှင့် ဧပြီလအတွင်းရောက်မှသာ ဓနိခုတ်ယူကြသည်။ ဓနိလက်ခုတ်ယူသည့် လုပ်သားများအနေဖြင့်  ခုတ်ယူရရှိသည့် ဓနိလက်များအား    ဓနိရွက်သပ်ကာ  စည်းနှောင်ပြီး ပင်လယ်ဆားငန်ရေထဲတွင် အချိန်နှစ်ပတ်ခန့်စိမ်ထားကာ ဓနိပျစ်ထိုး၍ ဓနိချပ်များကို   ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြသည်။  ယခုလက်ရှိတွင် ဈေးကွက်အတွင်း၌ ရိုးရိုးဓနိချပ် ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀ အထိ ဈေးရရှိကြောင်း၊ ပင်လယ်ရေစိမ်ဓနိချပ်များမှာ ဓနိပိုးမကျဘဲ ရိုးရိုးဓနိချပ်များထက် နှစ်ပိုမို၍ တာရှည်ခံခြင်းကြောင့်  ဈေးပိုမိုရရှိကြောင်း  ဓနိလုပ်ငန်းရှင်များထံမှ သိရသည်။