ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူး၊ သာသနာရေး

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ် ၃၀ ရက် ညနေပိုင်းတွင် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့မဆရာတော် အဘိဓဇမဟာရဋ္ဌဂရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သြဝါဒါစရိယ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား မီးစတင်ပူဇော်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူးလဆန်း ၁၀ ရက်မှ တန်ခူးလပြည့်ကျော် ၄ ရက် (မတ် ၃၀ ရက်မှ ဧပြီ ၈ ရက်)အထိ ၁၀ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                               

 (၄၀၁)