မီတာခများကောက်ခံရရှိမှုနှင့်ပတ်သက်၍ ကျန်ရှိနေသည့်မီတာခကြွေးကျန်များကို ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြား

မကွေး   မတ်  ၃၁

မီတာခများကောက်ခံရရှိမှုနှင့်ပတ်သက်၍ ကျန်ရှိနေသည့်မီတာခကြွေးကျန်များကို ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြား

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အား ပျောက်ဆုံးမှုနှင့်   ဓာတ်အားပြတ်တောက်မှု   လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် သွားမည့်   လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ဌာနကြီးမှူးများက ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေးဆောင်ရွက်ပေးနေမှု အခြေအနေ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မီတာခများကောက်ခံရရှိမှုနှင့် ပတ်သက်၍ ကျန်ရှိနေသည့် မီတာခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ အသက်အန္တရာယ်လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိစေရေးနှင့် မသမာမှုများမရှိစေရေး ကြပ်မတ် ဆောင်ရွက် သွားရန်နှင့် Losses များနေသည့် မြို့နယ်များတွင်လည်း Losses ကျဆင်းစေရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံ အဆောက် အဦများ ဖျက်ဆီးခံရမှုမရှိစေရန် လုံခြုံရေးပြည့်ပြည့်၀၀ရရှိစေရေး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ တင်ပြဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်စဉ် အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြနိုင် သကဲ့သို့ ဝန်ထမ်းများနှင့်အနီးကပ်ရှိနေသော တာဝန်ရှိသူများကလည်း လိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း   မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)