(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဒုတိယနေ့အစီအစဉ်များကျင်းပ

နေပြည်တော်   မတ်  ၃၁ 

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဒုတိယနေ့အစီအစဉ်များကျင်းပ

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဒုတိယနေ့အစီအစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ညီလာခံ ယာယီ သဘာပတိ ပါမောက္ခဒေါက်တာအေးအောင်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေး၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကောင်စီဝင်များ၊ ပြည်ထောင်စု နယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌများ၊   ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ညီလာခံ ကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ    ညီလာခံယာယီသဘာပတိ ပါမောက္ခဒေါက်တာအေးအောင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်ထံသို့ ညီလာခံ သဘာပတိလုပ်ငန်း တာဝန်များကို လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍  မြန်မာနိုင်ငံကြက်ခြေနီအသင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခု (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်ကောင်စီဝင်များအနေဖြင့် တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အလေးထားကာ အသင်းကြီး၏ ကြက်ခြေနီလူမှု ကရုဏာလုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြက်ခြေနီအခြေခံမူများနှင့်အညီ အားလုံးအတူတကွ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူ တစ်ရပ်လုံး၏ အကျိုးကို အစဉ်ရှေးရှု၍    ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွှန်ချက်များကိုခံယူပြီးကြက်ခြေနီ  ဗဟိုကောင်စီအဆင့်မှစ၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ အဆင့်တိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ထိထိမိမိ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ လှူဒါန်းမှုများကိုလည်း ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ရပ်ရွာလူထုအတွက် အကျိုးရှိရှိစည်းစနစ်ကျကျ အသုံးပြုပေးရမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား လေးစားလိုက်နာ ဆောင်ရွက်ပေး ကြရန်  အလေးအနက်ပြောကြားလိုကြောင်း၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အသင်းကြီးကချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များ၊  လုပ်ထုံးလုပ်နည်းများကို လိုက်နာကာ စည်းလုံးညီညွတ်စွာ ကြက်ခြေနီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စည်းကမ်းတကျ ထိန်းသိမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယနေ့မှစ၍ ကြက်ခြေနီ၏ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများကို ညီညွတ်မျှတစွာ အားလုံးပူးပေါင်းကာ အသင်းအဆင့်ဆင့်တိုင်းက တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ဖြင့် ပွင့်လင်းမြင်သာစွာ အတူတကွ   ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။ 

(သတင်းစဉ်)