ယခုလအတွင်း အသားတိုးကြက်ခြံဖမ်းဈေး ပြန်လည်ကောင်းမွန်လာ

ယခုလအတွင်း အသားတိုးကြက်ခြံဖမ်းဈေး ပြန်လည်ကောင်းမွန်လာ

ရန်ကုန်၊ စီးပွားရေး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးသို့ဝင်ရောက်လာသော အသားတိုးကြက်ခြံဖမ်းဈေးမှာ ယခုလ အတွင်း ဈေးနှုန်းပြန်လည်ကောင်းမွန်လာပြီး တခြားကြက်သားဈေးနှုန်းများမှာ ပုံမှန်သာရှိကြောင်း အဆိုပါကြက်ဘဲဈေးမှ သိရသည်။

မတ် ၁ ရက်က တစ်ပိဿာလျှင် ငွေ ကျပ် ၄၆၀၀ ဖြင့်စတင်ခဲ့သည့် အသားတိုး ကြက်ခြံဖမ်းဈေးသည် မတ်လလယ်ပိုင်းမှ စတင်ကာ ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ အဓိကလုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းများတွင် ကြက်မွေးမြူရေးသည်လည်း အပါအဝင်ဖြစ်ပြီး စီပီကြက်ဟုခေါ် သည့် အသားတိုးကြက်၊ ဆီမီးကြက်ဟုခေါ်သည့် ဒံပေါက်ကြက်၊ ဥစားကြက်များ၊ ဥနှုန်းကျလာ၍ ရောင်းထုတ်ကြသည့် ဥတုံးကြက် ခေါ် ကြက်နီမနှင့်တိုင်းရင်းကြက်ခေါ် ဗမာကြက်တို့ကို မွေးမြူကြသည်။

မတ်လဆန်းပိုင်းက ဆီမီးကြက် ခြံဖမ်း ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀ ရှိပြီး  လလယ်ပိုင်းတွင်  ငွေကျပ် ၅၄၀၀ အထိ  ပြန်လည် မြင့်တက်လာကာ လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀ အထိရှိကြောင်း၊ ဥတုံးကြက်ခေါ် ကြက်နီမသည် မတ်လ ဆန်းပိုင်းမှ လက်ရှိအချိန်ထိ  တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ဖြင့် ဈေးငြိမ်နေကြောင်း၊ အလားတူ တိုင်းရင်းကြက်ခေါ် ဗမာကြက်မှာ လည်း တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ မှ ၁၄၅၀၀ ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။          

စောယု