မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးမှုစစ်ဆေး

မြစ်ကြီးနား၊ ဒေသဖွံ့ဖြိုးရေး

မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးမှုစစ်ဆေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေပျော်စံပြကျေးရွာ၌ ပြည်နယ်(ဖြည့်စွက်) ဘဏ္ဍာရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၃၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ငွေပျော်စံပြကျေးရွာ၌ ပြည်နယ်(ဖြည့်စွက်)ဘဏ္ဍာရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ငွေပျော်စံပြကျေးရွာ၌ ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ရေနုတ်မြောင်းရေကြီး ရေလျှံမှုအခြေအနေ ကာကွယ်ရန် အလျားပေ ၃၀၊ အနံ ၃ ပေနှင့်အမြင့် ၄ ပေရှိ ရေတားတမံတည်ဆောက်ခြင်းနှင့် အရှည်ပေ ၆၆၀ ရှိ မြေသားရေလွှဲမြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေနုတ်မြောင်းရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျေးရွာတွင်းလမ်းများကို အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ ကွန်ကရစ်ပေါင်ခတ်သဲကျောက် လမ်းခင်းခြင်းလုပ်ငန်း၊ ၂ လက်မ PVC ရေပိုက်လိုင်းအရှည်ပေ ၈၀၀ တိုးချဲ့သွယ်တန်းခြင်းနှင့် ကွန်ကရစ်ရေတိုင် ၃၆ ခုဆောင်ရွက်ခြင်း လုပ်ငန်းတို့ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ပြည်နယ်(ဖြည့်စွက်) ဘဏ္ဍာရန်ပုံငွေကျပ် ၂၇ ဒသမ ၇၃ သန်းဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)