အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော်  မတ်  ၃၁

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ (၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အရေးကြီးသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ရန် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက် လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများသည်  အရေးကြီးကြောင်း၊  တိုင်းဒေသကြီးနှင့်    ပြည်နယ်အဆင့် စွမ်းဆောင်ရည် ဆု၊ ခရိုင်အဆင့်စွမ်းဆောင်ရည်ဆု၊ ရက်ကန်းကျောင်းများအဆင့် စွမ်းဆောင်ရည်ဆု စသည့်စွမ်းဆောင်ရည်ဆု ၆ မျိုးကို ပေးအပ် ချီးမြှင့် သွားမည်ဖြစ်ပြီး   စွမ်းဆောင်ရည် ဂုဏ်ပြုမှတ်တမ်းလွှာ ၂ ခုကိုလည်း    ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဆုများကို ထိုက်ထိုက် တန်တန် ရရှိခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ ရက်ကန်းကျောင်းများနှင့် အရာထမ်း၊ အမှုထမ်းများကို ဝန်ကြီးဌာန ကိုယ်စား အထူးပင်ဂုဏ်ယူကြောင်း၊ ယခုလိုထူးချွန်ဆုများချီးမြှင့်ခြင်းသည် ဌာနအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုထက်မြက် လာရန် အထောက်အပံ့ဖြစ်သည့်အတွက် နှစ်စဉ်ဆောင်ရွက်ပေးရန်ပြောကြားလိုကြောင်း၊ ဝန်ထမ်းများအားလုံးကလည်း ဆုရရှိသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ဝန်ထမ်းကောင်းတစ်ယောက်ပီသစွာနေထိုင်ကြရန်နှင့် နိုင်ငံနှင့် လူမျိုးအပေါ်၊ မိမိတို့ဌာနအပေါ် သစ္စာရှိရှိ တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသော ရှမ်းပြည်နယ်နှင့်ခေါင်းဆောင်မှု ထူးချွန်ဆုရရှိသော ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လည်းကောင်း၊ (ရက်ကန်းကျောင်းများအဆင့်) စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော စစ်တွေရက်ကန်းနှင့် အသက် မွေးပညာသင်တန်းကျောင်းနှင့် (ခရိုင်ရုံးများအဆင့်) စွမ်းဆောင်ရည်အကောင်းဆုံးရရှိသော မင်းဘူးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ကို    ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်းကောင်း၊ အမှုထမ်းအဆင့် ဝန်ထမ်းထူးချွန်ဆုရရှိသူ ၁ ဦးနှင့် အရာထမ်း အဆင့်  ဝန်ထမ်းထူးချွန်ဆုရရှိသူ ၁ ဦးတို့ကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း၊ ဂုဏ်ပြုဆုရရှိသော ကုမ္ပဏီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသော MCRD Micro Mart တွင် ရောင်းအားအကောင်းဆုံးနှင့် အမြတ်ငွေအများဆုံး ပေးသွင်းနိုင်ခဲ့သည့် စီမံကိန်း ဌာနခွဲတို့ကို   ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ  နေ့လယ်စာကို အတူတကွသုံးဆောင်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဝန်ထမ်း များ၏ လိုအပ်ချက်များတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ဇော်မျိုး(နေပြည်တော်)