(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများကို တွေ့ဆုံအမှာစကားပြောကြား၊ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော်  မတ်  ၃၁

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများကို တွေ့ဆုံအမှာစကားပြောကြား၊ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်မည်

မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူနည်းပြ၊ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌  တွေ့ဆုံအမှာစကားပြောကြားသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အိမ်ရှင်နိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အားကစားနည်း ၄၀ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အချို့အားကစားနည်းများကို တရုတ်နိုင်ငံတွင်လည်း ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် ကြိုတင် ပြင်ဆင်လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲသုံးပစ္စည်းများနှင့်  ပြိုင်ပွဲဝင်ဝတ်စုံများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်များမရှိအောင် အဘက်ဘက်မှ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း၊ အားကစားသမားများအား စိစစ်ရွေးချယ်ရာတွင် သတ်မှတ်စံနှုန်းအတိုင်း စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်သည့် အကောင်းဆုံး အားကစားသမားများကိုသာ အားကစားနည်းအလိုက် ရွေးချယ်ရေးအဖွဲ့များဖြင့် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊   ရွေးချယ်ခြင်းမခံရသည့် အားကစားသမားများအနေဖြင့် မိမိထက် အရည်အချင်းပြည့်ဝပြီး ထူးချွန်သူများကို တာဝန်ရှိသူများက စနစ်တကျမှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့မှုများအပေါ် စိတ်ပျက်အားငယ်ခြင်းမပြုဘဲ နောင်လာမည့် ပြိုင်ပွဲများတွင်  ပိုမိုကောင်းမွန် ထူးချွန်သည့် အားကစားသမားများဖြစ်အောင်  အစွမ်းကုန် ပြန်လည်  ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံထားရသည့် အားကစားသမားများကလည်း နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊ ဝီရိယတို့ဖြင့် အားသွန်ခွန်စိုက်အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ တားမြစ်ဆေးဝါးသုံးစွဲခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ဆုတံဆိပ်ရရှိမည့် အခွင့်အရေး ဆုံးရှုံးနိုင်သည့်အတွက် မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာနိုင်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့များအားလုံး တားမြစ်ဆေးဝါး သုံးစွဲမှုမရှိစေရေး အုပ်ချုပ်သူနည်းပြများအနေဖြင့် အားကစားသမားများအား အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားရန်လိုကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးစားခဲ့မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှအောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ကြောင်း၊ လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ယခင်နှစ်ထက် ပိုမိုရရှိ အောင် ဆောင်ရွက်ကြရမည့်အပြင် နိုင်ငံအလိုက်  အဆင့်တက်အောင် ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် နိုင်ငံတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည့်အတွက်  အားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆုများ ပိုမိုရရှိအောင် အစွမ်းကုန် ကြိုးစားအားထုတ်   ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နည်းပြများ အနေဖြင့် အားကစားသမားများမှ ယုံကြည်အားကိုးလေးစားမှု ရှိသည့်  နည်းပြဆရာ ကောင်းများဖြစ်အောင် ပြုမူနေထိုင်ပြောဆို၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမား မောင်မယ်များအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာ နေထိုင်လုပ်ဆောင်သွားကြရန် လိုကြောင်း၊ အားကစားအဖွဲ့များအားလုံး အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်အောင်  အစွမ်းကုန်ကြိုးစား လေ့ကျင့်သွားကြရန်  တိုက်တွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်သူနည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)