အိမ်ကွင်းနိုင်ပွဲ ၁၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့်နည်းပြအဖြစ် နည်းပြဂွါဒီယိုလာစံချိန်သစ်တင်

အိမ်ကွင်းနိုင်ပွဲ ၁၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့်နည်းပြအဖြစ် နည်းပြဂွါဒီယိုလာစံချိန်သစ်တင်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အိမ်ကွင်းနိုင်ပွဲ ၁၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် နည်းပြအဖြစ် ရပ်တည်နေသော အာဆင်နယ်အသင်းဂန္ထဝင်နည်းပြ အာဆင်ဝင်းဂါး၏စံချိန်ကို ကျော်ဖြတ်ကာ  စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင်  အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းကို ဆာလက်ချ်က ဖိအားပေးနိုင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၉)အဖြစ် မန်စီးတီးအသင်းက   အိမ်ကွင်း၌     လီဗာပူးအသင်းမှ ဆာလက်ချ်၏သွင်းဂိုးဖြင့် ဦးဆောင်ခံခဲ့ရသော်လည်း အယ်ဗာရက်ဇ်၊  ဒီဘရိုင်း၊  ဂန်ဒိုဂမ်နှင့်  ဂရီးလစ်ရှ်တို့၏ သွင်းဂိုးများဖြင့် လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ရရှိပြီးနောက် နည်းပြဂွါဒီယိုလာအနေဖြင့် အသင်းနှင့်  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  အိမ်ကွင်းနိုင်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီး မှတ်တမ်းကောင်းတစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အိမ်ကွင်းနိုင်ပွဲ ၁၀၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ခဲ့သည့်  နည်းပြအဖြစ်  နည်းပြဂွါဒီယိုလာမတိုင်မီက အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးက ၁၃၉ ပွဲ တာဝန်ယူပြီးမှသာ  နိုင်ပွဲ ၁၀၀ ပြည့်မြောက်သည့် နည်းပြအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ မန်စီးတီးအသင်း နည်းပြဂွါဒီယိုလာက အိမ်ကွင်း၌ လီဗာပူးအသင်းကို အနိုင်ရရှိပြီးနောက် ၁၂၈ ပွဲတာဝန်ယူပြီးချိန်တွင် နိုင်ပွဲ ၁၀၀ ပြည့်မြောက်သည့်အတွက် နည်းပြအာဆင်ဝင်းဂါးထက် ၁၁  ပွဲလျော့နည်းပြီး စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နည်းပြဂွါဒီယိုလာသည် လီဗာပူးအသင်း နည်းပြကလော့နှင့် တွေ့ဆုံရာတွင် ယခုပွဲစဉ်သည် ၁၀ ပွဲမြောက်အနိုင်ရရှိခြင်း ဖြစ်သည့်အတွက် နည်းပြကလော့နှင့် ရင်ဆိုင်ခဲ့သည့်နည်းပြများတွင် နည်းပြ ဂွါဒီယိုလာက နိုင်ပွဲအများဆုံးရရှိသည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Sky Sports