Junior Golf Myanmar နွေရာသီလူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Junior Golf Myanmar နွေရာသီလူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   ဧပြီ  ၂

    မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် နှင့်  Junior  Golf  Myanmar  တို့က စီစဉ်၍  YGC Sunday Morning Golfers Groupက အဓိကကူညီပံ့ပိုးသော Junior Golf  Myanmar နွေရာသီလူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ  ဒုတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရာ Junior Golf Myanmar ဥက္ကဋ္ဌဦးမြင့်အောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး  ပြိုင်ပွဲအား အဓိကကူညီပံ့ပိုးပေးသော Junior Golf Myanmar အဖွဲ့ကိုယ်စား ဦးမြိုင်နီအား အမှတ်တရဂုဏ်ပြု မှတ်တမ်းလွှာ  ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  Junior Golf Myanmar မှ အမှုဆောင် ဒေါ်ဝတ်မှုံနှင်းက   အသက်အငယ်ဆုံး ကြိုးစား ယှဉ်ပြိုင်သော ဘုန်းမြတ်သော်အား  ဆုချီးမြှင့်ပြီး  Junior Golf Myanmarမှ အမှုဆောင် ဦးဇော်ဘိုဘိုဦးက  Par  အများဆုံး ဆုရရှိသော ဇွဲညီညီ၊ ဘာဒီ အများဆုံး ရရှိသော  ဆုလတ်အောင်နှင့် Bogey  အများဆုံးဆုရရှိသော ရန်အောင်မင်းတို့အား ဆုများချီးမြှင့်သည်။

ထို့နောက်   ပြင်ဦးလွင်ဂေါက်ကလပ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အသက် ၁၂ နှစ် အောက် သက်တမ်းတွင်  စုစုပေါင်းရိုက်ချက် ၁၆၂  ချက်ဖြင့် တတိယဆုရရှိသော ထူးမြတ်အောင်၊  စုစုပေါင်းရိုက်ချက်  ၁၅၉ ချက်ဖြင့် ဒုတိယဆုရရှိသော ဘုန်းပြည့်ဖြိုးဟိန်း၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆုရရှိသော အောင်သန်းထွဋ်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍  Junior Golf Myanmar မှ အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးသက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် တတိယဆုရရှိသော အေးစုအောင်၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ဒုတိယဆုရရှိသော မိုးပြည့်စုံခင်၊ စုစုပေါင်းရိုက်ချက် ၁၅၈ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင်တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။ အမျိုးသမီးသက်တမ်းတွင် ပထမနေရာ၌ ရိုက်ချက်များ တူညီနေသဖြင့် ကျင်းပိုထပ်မံ ယှဉ်ပြိုင်ကာ ဆုများရရှိခြင်းဖြစ်သည်။

ယင်းနောက် Junior Golf Myanmar မှ အမှုဆောင် ဒေါ်စုယဉ်မင်းက  အသက် ၁၄ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၁ ချက်ဖြင့် တတိယဆု ရရှိသော Locadio K ၊ စုစုပေါင်းရိုက်ချက် ၁၆၈ ချက်ဖြင့် ဒုတိယဆုရရှိသော ပြည့်စုံအောင်၊ စုစုပေါင်းရိုက်ချက် ၁၅၈ ချက်ဖြင့် ပထမဆုရရှိသော ကောင်းထက်တို့ကို ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဌေးအောင်က အသက် ၁၈ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၅၉ ချက်ဖြင့် တတိယဆုရရှိသော ထက်အောင်ဝင့်၊ စုစုပေါင်းရိုက်ချက် ၁၅၁ ချက်ဖြင့် ဒုတိယဆု ရရှိသော ကောင်းပြည့်ဖြိုးကျော်၊ စုစုပေါင်း ရိုက်ချက် ၁၅၀ ချက်ဖြင့် ပထမဆုရရှိသော ဟိန်းနိုင်ဇင်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။

Junior Golf Myanmar Golf Tournament ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) တွင် ၂၀၂၃ ခုနှစ် ဧပြီ  ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည်။  ယခုပြိုင်ပွဲသည်  Junior Golf Myanmar  ၏ (၂၈)ကြိမ်မြောက် ကျင်းပသည့် ပြိုင်ပွဲတစ်ပွဲဖြစ်ကြောင်း သိရသည်။