နည်းပညာနှင့်ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဧပြီ  ၂

နည်းပညာနှင့်ကွန်ပျူတာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည်ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများရရှိရန် ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များကို ဧပြီ ၂ ရက်တွင် ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၃)၌ အုပ်စု(၁) ကွန်ပျူတာတက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(က) မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ၊ ဗန်းမော်)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ်(မကွေး၊ မိတ္ထီလာ) တို့ ယှဉ်ပြိုင်ကစားကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ယင်းပွဲစဉ်တွင် အသင်း(ဂ)က အသင်း(က)ကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၁) ၌ အုပ်စု (၃) နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ဂ) နည်းပညာ တက္ကသိုလ်(မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း) နှင့် အသင်း(ဃ) နေပြည်တော်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ၊ ရမည်းသင်း)တို့မှ ကျောင်းသား   အားကစား သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းပွဲစဉ်တွင် အသင်း (ဃ)က အသင်း(ဂ)ကို ၅ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၂) ၌ ယနေ့ပြိုင်ပွဲ မယှဉ်ပြိုင်သည့်အသင်းများ လေ့ကျင့်နေမှု များကိုကြည့်ရှုပြီး ကျောင်းသားအားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ အုပ်စု (၃) နည်းပညာတက္ကသိုလ် ပွဲစဉ်များဖြစ်သည့် အသင်း(က) မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူ)နှင့်  အသင်း(ခ) နည်းပညာတက္ကသိုလ် (ကျောက်ဆည်၊  တောင်ကြီး၊   လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)တို့ ပြိုင်ပွဲယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသား အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယင်းပွဲစဉ်တွင် အသင်း (က)က အသင်း(ခ) ကို ၂ ဂိုး  ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

(သတင်းစဉ်)