မြဝတီရုပ်မြင်သံကြား၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့ကြသူများနှင့် အခမ်းအနား တက်ရောက်လာသူများ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ

ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်ဟူသည့် ရည်ရွယ်ချက်ကောင်းများနှင့်အတူ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးကို အစဉ်ကြိုးပမ်းဆောင်ရွက်နေသော စတုတ္ထမဏ္ဍိုင်အဖြစ် သိက္ခာရှိစွာ ရပ်တည်လာခဲ့သည့် မြဝတီရုပ်မြင်သံကြား၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ထူးချွန်ဆု ရရှိခဲ့ကြသူများနှင့် အခမ်းအနား တက်ရောက်လာသူများ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဒါရိုက်တာပန်းချီစိုးမိုး

    မြဝတီရုပ်သံကို ပထမစတည်တဲ့အချိန် သင်တန်းစပေးတဲ့ အချိန်ကတည်းက ပါဝင်ခဲ့ပါတယ်။ စပြီးဖွင့်ခါစက အကုန်လုံး Selection သေချာရွေးတယ်။ အမှတ်စဉ် (၁)၊ (၂)၊ (၃) အဖွဲ့တွေ အကုန်လုံးက ကြိုးစားပမ်းစားနဲ့လုပ်ကြတယ်။ အကုန်လုံးကို သင်ပေးဖြစ်သွားတယ်။ Photo-graphy ၊ Video Camera ၊ Make Up လိမ်းနည်း၊ မျက်နှာလိမ်းတဲ့ Make Up  မဟုတ်ဘဲ  Setting  Make  Up တွေက အစသင်ပေးတယ်။ နောက်ပိုင်းမှာ လျှပ်တစ်ပြက်အစီအစဉ်တွေပါ   သင်ပေးတယ်။ မြဝတီနှစ်ပတ်လည် နှစ်ပေါင်းကို ပြန်ကြည့်တော့ “ငါဒီဌာနကြီးမှာ  သင်ပေးခဲ့တာ အတော်ကြာသွားခဲ့ပြီ” လို့ တွေးမိတယ်။ တန်ဖိုးတွေလည်း တော်တော်ပြောင်းကုန်ပြီပေါ့။   တကယ့်စေတနာ အရင်းခံပြီး ကိုယ်တတ်တဲ့ပညာနဲ့   မြဝတီရုပ်သံကို ပြန်သင်ပေးခဲ့တာ နှစ်အတော်ကြာကြီးပေါ့။

တစ်လျှောက်လုံး သင်ပေးခဲ့တာ   ဒီနှစ် နေပြည်တော်မှာပဲ  သင်ပေးဖို့လွှတ်တယ်။ ကိုယ့်ရဲ့စိတ်ထဲမှာလည်း မိတ်ဆွေတွေ၊ တပည့်တွေကို ပြန်တွေ့ရတော့ ဝမ်းသာပါတယ်။

အားလုံးကိုပြန်တွေ့ရတဲ့အခါမှာ အလွန်ပျော်ပါတယ်။ မတွေ့တာလည်း  အတော်ကြာတဲ့အတွက်  လှိုက်လှိုက်လှဲလှဲလည်း ရှိကြတယ်။  မြဝတီမီဒီယာက  အလွန်အရေးပါတယ်။ ပြောင်းလဲလာတဲ့ရေစီးကြောင်းမှာ အရင်တုန်းက မီဒီယာဆိုတာ ရုပ်ပုံမရှိဘူး။  အကုန်လုံးက သတင်းမှာရိုက်တဲ့ ဂျာနယ်၊ စာစောင်ဓာတ်ပုံလေးတွေပဲရှိ တယ်။ အခုအားလုံးက Movie  ဖြစ်တော့ အရုပ်နဲ့အသံကလည်း အရေးကြီးလာပြီ ဖြစ်တယ်။  မေးတဲ့လူကလည်း  မေးတဲ့မေးခွန်းမေးတတ်ဖို့နဲ့  ရိုက်တဲ့သူကလည်း သာမန်အားဖြင့် လက်လွတ်စပယ်ရိုက်လို့ မရဘူး။ လျှပ်တစ်ပြက် အစီအစဉ်က ဆရာတို့လုပ်ခဲ့တာဆိုတော့ အရမ်းကိုအောင်မြင်ခဲ့တာဖြစ်တယ်။ အခုလည်း  Subject အားလုံးက နိုင်ငံတော်အနေနဲ့၊ တပ်မတော်အနေနဲ့  လွှင့်ထုတ်တဲ့ အကြောင်းအရာ အားလုံးကလည်း  ဘာပဲပြောပြော  စုံစုံလင်လင်ဖြစ်တဲ့ အတွက် အင်မတန်မြိုင်တယ်လို့ ပြောရမှာဖြစ်တယ်။  မြဝတီကိုလည်း အတော်များများက ကြည့်ကြပါတယ်။ တချို့ကျတော့ တပ်မတော်သတင်းတွေကိုသိချင်တော့ ကြည့်ကြတယ်။ တပ်မတော်သတင်းကို သိချင်တော့ မြဝတီသတင်းကို ကြည့်မှသိမယ်ဖြစ်တယ်။ ကျန်တဲ့သတင်းက မပါဘူးလားဆိုတော့ ကျန်တဲ့သတင်း လည်းစုံတယ်။  ရုပ်ရှင်ဇာတ်ကားအမယ်လည်း စုံပါတယ်။ ဘာမှပြောစရာမရှိပါဘူး။ ပရိသတ်ကတော့ ကြည့်နေဦးမှာပါ။ အဲဒီအတွက်လည်း   ဝမ်းသာနေရဦးမှာပါ။

(၂၈)နှစ်မြောက် မြဝတီရုပ်မြင်သံကြား နှစ်ပတ်လည်မှာ မြဝတီရုပ်မြင်သံကြားကို ရန်ကုန်မြို့မှာ စတင်တည်ထောင်ကတည်းက မှတ်တမ်းတွေပါလာခဲ့တယ်။ နည်းပြဆရာ တစ်ယောက်အနေနဲ့ လက်ရှိအောင်မြင်တာကိုကြည့်ခြင်းအားဖြင့် ကိုယ်ပါဝင်ပြီးတော့ တည်ဆောက်ခဲ့တဲ့ လုပ်ငန်းတစ်ခု အခုလိုအောင်မြင်တဲ့အတွက် အရမ်းကို ဝမ်းသာတယ်။ တကယ့်စိတ်ရင်းအတိုင်းပြောတာဖြစ်တယ်။ ဘာပဲပြောပြော ကိုယ်စိုက်တဲ့ အပင်လေးသီးလာ၊ ပွင့်လာရင်ပျော်သလိုပဲ မြဝတီရုပ်မြင်သံကြားက ကိုယ်စိုက်ခဲ့တဲ့ အပင်လေးတစ်ပင်လို့ သတ်မှတ်ထားတယ်။ အပင်က အပွင့်တွေ၊ အသီးတွေသီးလာတဲ့အတွက်  စိတ်ထဲမှာ  တကယ့်ကို ပီတိဖြစ်မိပါတယ်။

ပင်မြင့်စံ(ရွှေဘို)

    ကျွန်မကတော့ စာရေးဆရာမ ပင်မြင့်စံ (ရွှေဘို) ဖြစ်ပါတယ်။ ကျွန်မရဲ့ အမျိုးသား နွေကံ့ကော်(မြို့လှ)က ဒီနေ့အခမ်းအနားမှာ ဆောင်းပါးဆုရပါတယ်။ အမျိုးသားကိုလည်း အားပေးရင်း ကျွန်မကိုယ်တိုင်လည်း စာရေးဆရာမ တစ်ယောက်အနေနဲ့ဖိတ်ကြားခံရလို့    တက်ရောက်တာဖြစ်ပါတယ်။

ပြီးတော့ဒီမှာက စာရေးဆရာတွေ စုံစုံညီညီလည်းတွေ့ရလို့   အများကြီး ဝမ်းသာပါတယ်။ မနှစ်ကတော့ မြဝတီရုပ်မြင်သံကြားနှစ်ပတ်လည်မှာ  ကျွန်မက ဝတ္ထုတိုဆုရ ပါတယ်။  ခါတိုင်းနှစ်တွေထက်   ဒီနှစ်မှာ ခမ်းခမ်းနားနား ကျင်းပတာနဲ့လည်း ကြုံပြီး   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့အတွက်  ဝမ်းသာဂုဏ်ယူမိပါတယ်။

တပ်ကြပ်ကြီး ဆန်းဇော်ထူး (ရတနာပုံသတင်းစာတိုက်)

    ကျွန်တော်ကတော့ ရတနာပုံသတင်းစာတိုက်၊  ကွန်ပျူတာဌာနမှာ  တာဝန်ထမ်းဆောင်ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကျွန်တော်က ကွန်ပျူတာ ထူးချွန်ဆုကို ရရှိ တာပါ။ ကျွန်တော့်အနေနဲ့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်  တက်ရောက်ချီးမြှင့်တဲ့ ဒီအခမ်းအနားမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပါ။   အခုလိုတက်ရောက်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်ဆက်ပြီး ကြိုးစားသွားမှာပါခင်ဗျာ။

တပ်ကြပ် သူရ (အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်)

    ကျွန်တော်က အမှတ်(၁) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် ဆက်တင်ဌာနမှာ တာဝန်ထမ်းဆောင်ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကျွန်တော်က တစ်နှစ်တာအတွင်း အကောင်းဆုံး ဆက်တင်ပြုလုပ်မှု ဆုရတာပါ။ ကျွန်တော် ဒီဌာနကို ရောက်တာ ခြောက်နှစ်လောက်ရှိပါပြီ။ ခြောက်နှစ်အတွင်းမှာ ဆရာတွေ သင်ပေးတဲ့ပညာနဲ့ ဆရာတွေခိုင်းတဲ့အတိုင်း၊ လမ်းညွှန်တဲ့အတိုင်း ကြိုးစားလုပ်ဆောင်ပါတယ်။ ဒီနေ့အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့အတွက် အတိုင်းမသိ  ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒီလိုပွဲမျိုးမှာ   တက်ရောက်ဆုယူခွင့်ရတဲ့အတွက်   အရမ်းကိုဝမ်းသာပါတယ်ခင်ဗျာ။

ဒုတိယအရာခံဗိုလ်(အစားခန့်) ဒေါ်အိအိမွန် (အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်)

    (၂၈) နှစ်မြောက် မြဝတီရုပ်မြင်သံကြား နှစ်ပတ်လည်နေ့မှာ ကျွန်မရရှိတဲ့ဆုကတော့ ၂၀၂၂ ခုနှစ်အတွက် ထူးချွန် ထုတ်လုပ်ရေးမှူးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုလို ဆုရရှိအောင် တစ်နှစ်တာလုံးမှာ ဇွဲ၊ လုံ့လ၊ ဝီရိယကို အခြေခံပြီး ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အခုလို  ဆုရရှိတဲ့အတွက်  အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလိုဆုရရှိအောင် အဘက်ဘက်ကနေ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ တာဝန်ရှိသူ အထက်အရာရှိများနဲ့  လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ အပေါင်းအသင်းများအားလုံးကို  ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။

ဒုတိယအရာခံဗိုလ်(အစားခန့်) ဒေါ်ကေသီဝင်းနိုင် (သဇင် FM)

    ကျွန်မကတော့  ဒီနေ့အခမ်းအနားမှာ တစ်နှစ်တာအတွက်    စာမူရေးသားမှု အကောင်းဆုံး ဆုကို ရရှိတာပါ။ ဒီဆုကို ရရှိခဲ့တာ ဒီနှစ်ရရှိတဲ့ဆုနဲ့ဆိုရင် သုံးကြိမ်မြောက်ရှိပါပြီ။ အရင်ကတော့ ကိုယ်စားပဲ တက်ရောက်ယူတာပါ။ ဒီနှစ်တော့ကိုယ်တိုင် တက်ရောက်ပြီး ဆုယူရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ရတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်။ အခုလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်   တက်ရောက်တာ တွေ့ရတဲ့အတွက်လည်း ဝမ်းသာ

ဂုဏ်ယူပါတယ်။     ပြင်ဦးလွင်ကနေ နေပြည်တော်အထိ   ဆုလည်းလာယူရတယ်။ နေပြည်တော်က ဘုရားတွေ ဖူးခွင့်ရတယ်။ အထင်ကရနေရာတွေကို လည်ပတ်ရတဲ့အတွက်  အရမ်းလည်းပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်ရှင်။

ဒုတိယတပ်ကြပ် ဇော်မျိုးအောင် (မြဝတီသတင်းစာတိုက်)

    ကျွန်တော်ကတော့ မြဝတီသတင်းစာတိုက်မှာ ဓာတ်ပုံသတင်းထောက် တာဝန် ထမ်းဆောင်နေတဲ့ ဒုတိယတပ်ကြပ် ဇော်မျိုးအောင်ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကျွန်တော်ရရှိတဲ့ ဆုကတော့ သတင်းထောက် အကောင်းဆုံးဆုဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တာ ကာလပတ်လုံးမှာ ကျွန်တော့်အနေနဲ့  ပေးအပ်လာတဲ့ တာဝန်တွေကို အကောင်းဆုံးကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံ သတင်းထောက်တွေ အနေနဲ့ အစိုးရ၊ တပ်မတော်အကြီးအကဲများ တက်ရောက်ချီးမြှင့်တဲ့ အခမ်းအနား ဓာတ်ပုံများ၊ နိုင်ငံတော်အဆင့် အခမ်းအနား အစည်းအဝေးများ၊ ဝန်ကြီးဌာနများမှပြုလုပ် တဲ့ အခမ်းအနားများမှာ ရာသီဥတုမရွေး၊ အချိန်အခါမရွေး ကြည်လင်ပြတ်သားတဲ့ သတင်းဓာတ်ပုံများ ရရှိအောင်  ကြိုးစား ရိုက်ကူးခဲ့ပါတယ်။ လိုအပ်ရင် လိုအပ်သလို သတင်းရေးသားခြင်း၊  သတင်းဆောင်းပါး ရေးသားခြင်းတွေကိုလည်း ပြုလုပ်ရပါတယ်။

ကျွန်တော့်ဝါသနာနဲ့ အလုပ်ထပ်တူကျတဲ့ အတွက် ရှေ့ဆက်ပြီးလည်း ပေးအပ်လာတဲ့ တာဝန်တွေကိုအကောင်းဆုံးကြိုးစား ဆောင်ရွက်သွားပါမယ်။ အခုလို  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်  တက်ရောက် ချီးမြှင့်တဲ့အတွက်  အထူးကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။