(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်း ပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲ ကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်း ပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ်ပြိုင်ပွဲ ကျင်းပ

နေပြည်တော်  ဧပြီ  ၆ 

၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်  နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဝူရှူး အားကစားနည်းမှ(ချန်းစု၊ နန်းချွမ်၊ ထိုက် ချိချွမ်၊ သွေ့လျန့်၊ ဆန်းဆို) အားကစား သမား အမျိုးသားရှစ်ဦး၊ အမျိုးသမီးလေးဦးတို့၏   ပြိုင်ပွဲအသွင် လက်ရည်ဆန်းစစ် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ  ဖူဆယ် အားကစားရုံ၌ ကျင်းပရာ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံ၊  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးကြသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ အားကစားသမားများ အနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးအတွက် ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်၍ ပြိုင်ပွဲတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်တို့ဖြင့်  နောက်ဆုံးအချိန်အထိ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စည်းကမ်းလိုက်နာပြီး စနစ်တကျကြိုးစား လေ့ကျင့်သည့် အားကစားသမားများကိုသာ စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများအား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လေ့ကျင့်သင်ကြားပေးရန်နှင့် စိတ်ဓာတ်သည် အဓိက အရေးကြီးသည့်အတွက် စိတ်ခွန်အားများမြင့်တက်လာအောင် သင်ကြားပြသပေးရန် လိုကြောင်း၊ အောင်မြင်မှုဆုတံဆိပ် ရရှိခဲ့သူများကို နိုင်ငံတော်မှလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးခဲ့သည့်အတွက် ယခုလာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှု ဆုတံဆိပ်များ ရရှိအောင် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအားလုံး တက်ညီ လက်ညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက် သွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီရောက်ရှိမည့်၁၃၈၄ ခုနှစ် မြန်မာ့ ရိုးရာမဟာ သင်္ကြန်ပွဲတော်ကာလတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည့် ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များ နှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း မှ အားကစားမောင်မယ်များ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန်အတွက် အတာသင်္ကြန် မဏ္ဍပ်ကြိုတင်ပြင်ဆင်နေမှုကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။