အနာဂတ်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို မွေးထုတ်ပေးခဲ့သူများ၏ ဂုဏ်ယူပြောကြားစကားသံများ

အနာဂတ်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို မွေးထုတ်ပေးခဲ့သူများ၏ ဂုဏ်ယူပြောကြားစကားသံများ

ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆) သူရတပ်ခွဲ သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ အဆိုပါတပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ တာဝန်ရှိသူများနှင့် ကျောင်းဆင်းအရာရှိများ၏ ရင်တွင်းပီတိစကားသံများကိုဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း ကျောင်းအုပ်ကြီး

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)

တပ်မတော် ( ကြည်း ) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းရွေးချယ်ခြင်း အနေဖြင့် အရပ်သား ဘွဲ့ရနှင့် စစ်မှူးထမ်း ဗိုလ်လောင်းများအဖြစ် နှစ်မျိုးခွဲခြား သတ်မှတ်ရွေးချယ်ပါတယ်။ ဗိုလ်လောင်းသင်တန်းသားများကို သင်ကြားပို့ချပေးတဲ့ ဘာသာရပ်များကတော့ ကြံ့ခိုင်ရေးဘာသာရပ်၊စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်သင်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်ဘက်ခေါင်းဆောင်မှုဘာသာရပ်၊ ဖွဲ့စည်းပုံဘာသာရပ်၊ ဉီးစီးရုံးနှင့် အကူလက်ရုံးတပ်များ ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ မြေပုံဖတ်ဘာသာရပ်၊ ဉီးစီးတာဝန် ဘာသာရပ်၊ အုပ်ချုပ်မှုဘာသာရပ်၊ရှေးဉီးသူနာပြုဘာသာရပ်၊ စစ်ဘက်ဥပဒေဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊ Psychology၊ Philosophy၊ တပ်မတော်ရေးရာဘာသာရပ်၊ စစ်ဦးစီး/စစ်ရေး/စစ်ထောက်ဘာသာရပ်၊ တိုက်ပွဲဝင်စည်းရုံးရေးဘာသာရပ်၊ ကွန်ပျူတာဘာသာရပ် တို့ကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းသင်တန်းသားများအနေနဲ့ ဗိုလ်လောင်းသင်တန်းဆင်းပြီး နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံဆောင်ရွက်ကြမယ့် အရာရှိငယ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် နိုင်ငံတော်၊ တပ်မတော်ရဲ့ တာဝန်ကို တစ်ထောင့်တစ်နေရာက တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

ဗိုလ်မှူးဇော်ဝင်းနိုင်

(သင်တန်းတာဝန်ခံအရာရှိ)

ဗိုလ်လောင်းသင်တန်းသားများကို အကောင်းဆုံးဗိုလ်လောင်းဆု၊ အကောင်းဆုံးသေနတ်ပစ်ဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ ကြံ့ခိုင်ရေးအကောင်းဆုံးဆု၊ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆုတို့ကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ဗိုလ်လောင်းသင်တန်းသားများအနေနဲ့ တပ်မတော် အရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါမှာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ တာဝန်များကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ အထူးကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြပါ။

ဒီလို တာဝန်ထမ်းဆောင်တဲ့နေရာမှာ ခေါင်းဆောင်ကောင်းပီသမှု၊ စစ်ဘက်/ အရပ်ဘက်တည်ဆဲဉပဒေများကို လေးစားလိုက်နာမှု၊ စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်း လိုက်နာမှုတို့နဲ့ တာဝန်ထမ်းဆောင်ကြပါလို့ ဆုံးမစကားပြောချင်ပါတယ်။ ကျောင်းဆင်းအရာရှိများ အနေနဲ့ ဗိုလ်လောင်းသင်တန်းသားကာလမှာ ခက်ခဲပင်ပန်းဆင်းရဲတဲ့ စိတ်ပိုင်း/ရုပ်ပိုင်း လေ့ကျင့်ပေးမှုတွေကို ကြံ့ကြံ့ခံအောင်မြင်အောင် ကြိုးစားအားထုတ်ခဲ့ကြပြီး အခုလို အောင်အောင်မြင်မြင် သင်တန်းဆင်းလာနိုင်တဲ့အတွက် ကြိုးစားအားထုတ်မှုတွေကို ဂုဏ်ယူ လေးစားပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်လောင်းမောင်မောင်မြင့်မြတ်

(အကောင်းဆုံးဗိုလ်လောင်းဆု)

၂၀၁၀ - ၂၀၁၁ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းအမှတ်စဉ် (၁၀)မှာ စက်မှုစွမ်းအားဘာသာရပ်ကို သင်ယူခဲ့ပြီး A.G.T.I(Dip) လက်မှတ်ရရှိခဲ့ပါတယ်။

သင်တန်းကို စတင်တက်ရောက်တဲ့အချိန် ကစပြီး အကောင်းဆုံးဆုကိုရရှိရမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ စာပေ၊စစ်နည်းဗျုဟာ၊ ကြံ့ခိုင်ရေးနှင့် လေ့ကျင့်ရေးတွေကို ရရှိတဲ့အချိန်အတွင်း စနစ်တကျ စီမံခန့်ခွဲပြီး အကောင်းဆုံးကြိုးစားခဲ့လို့ အခုလို အကောင်းဆုံးဗိုလ်လောင်းဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပြန်တမ်းဝင်အရာရှိ တစ်ယောက်အနေနဲ့ နိုင်ငံတော်နဲ့တပ်မတော်အတွက် ပေးအပ်လာတဲ့ တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး ကြိုးစားထမ်းဆောင်သွားပါမယ်။

ဗိုလ်လောင်းကျော်ဝင်းဆွေ

(စစ်ရေးပြအကောင်းဆုံးဆု)

ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) ကို အောင်မြင်စွာသင်ကြားတတ်မြောက်ခဲ့ပြီး အခုလို စစ်ရေးပြအကောင်းဆုံးဆု ရရှိခဲ့အတွက် အလွန်ဝမ်းသာပီတီဖြစ်မိပါတယ်။ သင်တန်းမှာ နည်းပြတွေ သင်ပြပေးတဲ့ သင်ခန်းစာတွေကို စာတွေ့လက်တွေ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် အခုလို စစ်ရေးပြအကောင်းဆုံးဆုကို ရရှိခဲ့တာပါ။ ဒါအပြင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် စတဲ့ စွမ်းရည်(၃)ရပ် ထက်မြက်အောင် ကြိုးစားခဲ့ပါတယ်။ သင်တန်းဆင်းတဲ့အခါ ပြန်တမ်းဝင်အရာရှိ တစ်ယောက်အနေနဲ့အထက်က ပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော် အတွက် ကျရာအခန်းကဏ္ဍကနေ ဆက်လက် တာဝန်ထမ်းဆောင်သွားပါမယ်။

ဗိုလ်လောင်းမြတ်ကျော်သူ

(အကောင်းဆုံးသေနတ်ပစ်ဆု)

သင်တန်းမှာ သေနတ်ပစ်အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ ဒီဆုရအောင် သင်တန်းကာလမှာ နည်းပြဆရာတွေ သင်ကြားပေးမှုကို လေ့ကျင့်လိုက်နာပြီး သေနတ်တစ်လက် မိမိလက်ထဲရောက်ရှိလာရင် ထိန်းသိမ်းရမယ့် နည်းပညာတွေ၊ ကိုင်တွယ်ရမယ့် နည်းစနစ်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ သေနတ်ပစ်ရာမှာ အရေးကြီးသောအချက်ဖြစ်တဲ့ စိတ်တည်ငြိမ်မှု၊ မောင်းခလုတ်ဆွဲမှုတွေကို နည်းပြဆရာတွေ သင်ကြားပေးတဲ့အတိုင်း လေ့ကျင့်သင်ယူခဲ့လို့ ဒီဆုကိုရရှိခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး စွမ်းရည်(၃)ရပ် ထက်မြက်အောင် ကြိုးစား၍ တပ်မတော်ဂုဏ်ကို မြှင့်တင်သွားမယ်လို့ ခံယူထားပါတယ်။

ဗိုလ်လောင်းမြတ်ဘုန်းခန့်

(ခမီတိုင်းရင်းသား)

ကျွန်တော်ကတော့ ခမီတိုင်းရင်းသားဖြစ်ပါတယ်။ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းအမှတ်စဉ်(၁၂)ကို တက်ရောက်အောင်မြင်ပြီး မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ အမှတ်(၂)ပင်မအလုပ်ရုံမှာ ငါးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ ကိုက်ညီပြီး ဗိုလ်လောင်းဝင်ခွင့်အဆင့်ဆင့်ကို ဖြေဆိုအောင်မြင်ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)ကို တက်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကိုးအားထားရတဲ့ အရာရှိတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး အခုလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရတဲ့ ဒီလိုမွန်မြတ်တဲ့အလုပ်ကို လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။

တာဝန်ကျရာ နယ်မြေရောက်ရှိတဲ့ အခါမှာလည်း ကျောင်းတော်ကြီးကနေ သင်ကြားပေးပို့ချပေးတဲ့ စစ်ပညာ၊ အသိပညာ၊ အတတ်ပညာတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချပြီး အထက်ကပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။

နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အကျိုးပြုတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစားသွားပါမယ်။

ဗိုလ်လောင်းစောဝလိ

(ကရင်တိုင်းရင်းသား)

ကျွန်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးတော့ တပ်မတော်ထဲ ဝင်ရောက်ခဲ့ပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းတော့ အမှတ်(၂)ခဲယမ်းမီးကျောက် တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အထက်မှပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်သွားပါမယ်။ ကျောင်းတော်ကြီးက သင်ကြားပေးတဲ့ အသိပညာ၊ အတတ်ပညာနှင့် စစ်ပညာတွေကို အသုံးချပြီး တာဝန်ကျရာ ဒေသများမှာ ပြည်သူတွေအတွက် အကောင်းဆုံးအကျိုးပြု ဆောင်ရွက်သွားပါမယ်။

ကျောင်းတော်ရဲ့ အစဉ်အလာကောင်းတွေကိုထိန်းသိမ်းပြီး တပ်မတော်ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားတာဝန် ထမ်းဆောင်သွားပါမယ်။

ကျော်လွင်