နယ်သာလန်လိဂ်ပြိုင်ပွဲတွင် ပရိသတ်များက ကစားသမားများ သို့မဟုတ် ကွင်းလယ်ဒိုင်လူကြီးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ပါက ပွဲစဉ်ကိုရပ်ဆိုင်းမည်

နယ်သာလန်လိဂ်ပြိုင်ပွဲတွင် ပရိသတ်များက ကစားသမားများ သို့မဟုတ် ကွင်းလယ်ဒိုင်လူကြီးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ပါက ပွဲစဉ်ကိုရပ်ဆိုင်းမည်

    နယ်သာလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နယ်သာလန်လိဂ်ပြိုင်ပွဲတွင် ပရိသတ်များအနေဖြင့် ကစားသမားများ သို့မဟုတ် ကွင်းလယ်ဒိုင်လူကြီးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ပါက  အဆိုပါပွဲစဉ်ကို  ရပ်ဆိုင်းမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

နယ်သာလန်  ရှုံးထွက်ဖလားပွဲစဉ်အဖြစ် ကစားသော အေဂျက်အသင်းက  ဖီယင်နုအသင်းကို ၂ ဂိုး- ၁  ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင်   ဖီယင်နုအသင်း ပရိသတ်များအနေဖြင့် ဆူပူသောင်းကျန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် အေဂျက်အသင်းမှ အဓိက ကစားသမား ကလာဆင်ကိုလည်း ဖီယင်နုအသင်းပရိသတ် တစ်ဦးက မီးခြစ်ဖြင့် ပစ်ပေါက်ခဲ့သည့်အတွက်   ဦးခေါင်းပေါက် ဒဏ်ရာရရှိခဲ့ကာ ပွဲစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ထို့ပြင် အဆိုပါပွဲစဉ် အစပိုင်းတွင်လည်း ဖီယင်နု အသင်းပရိသတ်များက မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခဲ့၍ ကွင်းအတွင်း  မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့သောကြောင့် ပွဲစဉ်ကို ရပ်နားခဲ့ရသည့်အတွက် အဆိုပါပွဲစဉ်ကို နှစ်ကြိမ်အထိ ခေတ္တရွှေ့ဆိုင်းခဲ့ရသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် နယ်သာလန် နိုင်ငံဘောလုံးအဖွဲ့ချုပ်က  စည်းမျဉ်းသစ်များ ချမှတ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ဘောလုံးပွဲစဉ်များတွင်  ပရိသတ်များ အနေဖြင့် ကစားသမားများ သို့မဟုတ် ကွင်းလယ် ဒိုင်လူကြီးကို   အရာဝတ္ထုများဖြင့်   ပစ်ပေါက်ပါက ပွဲစဉ်ကိုရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပြီး ကလာဆင်အား မီးခြစ်ဖြင့် ပစ်ပေါက်ခဲ့သူကိုလည်း  ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။