တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါး၊ ငှက်လွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများ ပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါး၊ ငှက်လွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါး၊ ငှက်လွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ပြုလုပ်ကြသည်။

အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌  မြို့နယ်များရှိ ဓမ္မာရုံများနှင့် သတ်မှတ်နေရာများ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့် တော်မူကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သီလခံယူဆောက်တည်၍ ပရိတ်တရား တော်များကို နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ ဓမ္မာရုံများနှင့် သတ်မှတ်နေရာများ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့် တော်မူကြရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သီလခံယူဆောက်တည်၍ ပရိတ်တရား တော်များကို နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။

          ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဇီဝိတဒါနစုပေါင်း ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။