၂၀၂၄ အာရှဖလားယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း အိမ်ရှင်ကာဂျစ္စတန် အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်

၂၀၂၄ အာရှဖလားယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်း အိမ်ရှင်ကာဂျစ္စတန် အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်

ရန်ကုန်၊ အားကစား

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းသည် ၂၀၂၄ အာရှဖလားယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ဧပြီ  ၁၉ ရက်တွင် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ကာဂျစ္စတန်အသင်းနှင့်  စတင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာရှဖလားယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းကို ဖေဖော်ဝါရီလအစောပိုင်းက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ သက်တမ်းအလိုက် လူငယ်အသင်းများမှ ကစားသမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်းများ၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများမှ ပဏာမကစားသမား ၃၅ ဦးဖြင့် စတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးသန်းဝေက တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး အပြီးသတ် ကစားသမားစာရင်းတွင်  ဂိုးသမားနေရာ၌ သူဇာအောင်၊  အိတာယာနှင့်  ပန်းနုဝေ၊ ခံစစ်ကစားသမားနေရာ၌ ယုယုနိုင်၊ မင်းမင်းနု၊  သဲအိလှိုင်၊  ယမင်းဖြူ၊  ကွင်းလယ် ကစားသမားနေရာ၌ ကေသွယ်ဖြိုးဦး၊ မြတ်နိုးအောင်၊  ငြိမ်းငြိမ်းဖြိုး၊  ဝင်းစန္ဒာ၊ နှင်းဝေနှင်း၊   ခင်ဖုန်း၊ ဟန်နီမိုးလွင်၊ တိုက်စစ်ကစားသမားနေရာ၌ ဇခါရိုစီ၊ ယုယနိုင်၊ သင်ဇာလင်း၊ နှင်းလတ်လတ်လှိုင်၊  ပန်းအိနွယ်၊  အကူးမွန်းရမ်၊  စုစုခင်နှင့် ရွှေပုံချစ်တို့ ပါဝင်ခဲ့ကြသည်။

၂၀၂၄ အာရှဖလားယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ   ပထမအဆင့်ခြေစစ်ပွဲအဆင့်တွင်   အုပ်စုပထမနေရာရရှိသော အသင်း ရှစ်သင်း အနေဖြင့် ဒုတိယအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပထမအဆင့်မှ တက်ရောက်လာသည့် အသင်းရှစ်သင်း အနေဖြင့် အုပ်စုနှစ်ခုခွဲပြီး ကစားရမည်ဖြစ်သည်။

ဒုတိယအဆင့်တွင် အုပ်စုပထမနေရာနှင့် ဒုတိယနေရာ၌ ရပ်တည်နိုင်မည့်အသင်းလေးသင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ အိမ်ရှင်အင်ဒိုနီးရှားအသင်း၊ တရုတ်အသင်း၊ ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ယူ-၁၇ အမျိုးသမီး အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိမ်ရှင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိန္ဒိယအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်