စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၁၂)

၃။         ပြည်ပနဲ့ဓာတ်အားကုန်သွယ်မှုကိစ္စဟာ ငွေကြေးရရုံသက်သက် ရည်ရွယ်တာ မဟုတ်ပါဘူး၊ ဓာတ်အားစနစ်တည်ငြိမ်ရေး၊ ထုတ်လုပ်မှုကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်ဖို့နဲ့ မိမိလိုအပ်တဲ့အခါ ဝယ်ယူ သုံးစွဲဖို့လည်းပါပါတယ်။ ဒီလိုဓာတ်အားကုန်သွယ်မှုမှာ ကိုယ့်ဘက်ကပိုနေတဲ့အချိန် (နာရီအလိုက်၊ ရာသီအလိုက်)မှာ ပြန်လည်ရောင်းချပါက သင့်တင့်တဲ့ဈေးနှုန်းရရှိရေးဟာလည်း အရေးကြီးပါတယ်။ အကယ်၍မိမိပိုလျှံနေတဲ့ ဓာတ်အားဟာ    ဈေးနှုန်းကြီးမြင့်တဲ့ ဓာတ်အားဖြစ်နေခဲ့ရင်  ရောင်းလို့မရတော့ပါဘူး။ ဒါကြောင့် ထုတ်လုပ်မှုအရင်းအမြစ် အချိုးရောစပ်မှု မှန်ကန်ဖို့လိုသလို   ကိုယ်နဲ့ဓာတ်အားသွယ် တန်းကုန်သွယ်မယ့်နိုင်ငံကိုလည်း စနစ်တကျကြိုတင်ရွေးချယ် ဖို့လိုပါတယ်။

၄။         အဓိကလိုအပ်တဲ့ စွမ်းအင်စီမံခန့်ခွဲမှုရဲ့ အခြေခံအချက်ကြီး ငါးချက်ဖြစ်တဲ့

            - ပြည်သူတတ်နိုင်သောဈေးနှုန်းဖြစ်ရေး

            - အရည်အသွေးကောင်းမွန်ရေး

            - လုံခြုံစိတ်ချမှုရှိစေရေး

            - သဘာဝနဲ့လူမှုဝန်းကျင်သက်ရောက်မှု သက်သာရေး

            - အချိန်တိုအတွင်း ဓာတ်အားဖြည့်ဆည်းနိုင်ရေး

စတဲ့အချက်များနဲ့ ညီညွတ်အောင် ဆောင်ရွက်ကြရပါမယ်။

ဖော်ပြခဲ့တဲ့ အချက်အားလုံးရဲ့ ပင်မရေသောက်မြစ်များဖြစ်တဲ့ မူဝါဒ ခိုင်ခိုင်မာမာရှိရေး၊ လက်တွေ့ကျတဲ့ မဟာဗျူဟာရှိရေး၊ ပြည့်စုံတဲ့ ဥပဒေ နည်းဥပဒေစံနှုန်း (Standard) များရှိပြီးဖြစ်စေရေးဟာ အလွန်အရေးကြီးပါတယ်။ ဒီရေသောက်မြစ်နဲ့ ပင်စည်ပေါ် မှာ အခြေခံဖို့ ထိန်းသိမ်းဦးဆောင်ပေးမယ့် အမျိုးသားအဆင့်အဖွဲ့အစည်းနဲ့ ဆောင်ရွက်မှလည်း ရေရှည်မှာ တစ်ကျောင်းတစ်ဂါထာ ဖြစ်မယ့် အခြေအနေကနေ ကယ်တင် နိုင်ပါလိမ့်မယ်။ နောက်အခန်းမှာ ဂုဏ်သိက္ခာရှိတဲ့ စီမံခန့်ခွဲမှုဖြစ်အောင် ဘယ်လိုဆက်လက် ဆောင်ရွက်သင့်တယ်ဆိုတာ  ဆက်လက်ဖော်ပြပါမယ်။

အခန်း ( ၂၉ )

လျှပ်စစ်ကဏ္ဍစီမံခန့်ခွဲမှု ဘယ်လိုပြောင်းကြမလဲ

စွမ်းအင်နဲ့လျှပ်စစ်ကဏ္ဍဟာ အလွန်အရေးကြီးတဲ့အတွက် ကမ္ဘာ့အခြေ အနေ၊ မြန်မာ့အခြေအနေတွေကို အခန်းပေါင်းများစွာနဲ့ မြင်သာအောင် ဖော်ပြခဲ့ပြီးပါပြီ။   အဖွဲ့အစည်းတစ်ခုအောင်မြင်စေချင်ရင်  ရေရှည် လျှောက်လှမ်းဖို့ မူဝါဒကောင်းကောင်းရှိရပါမယ်။ မဟာဗျူဟာကောင်း ကောင်းရှိရပါမယ်။ စံချိန်စံညွှန်းတွေသတ်မှတ်ပြီးဖြစ်ရပါမယ်။ ဆိုင်ရာ ကိစ္စအလိုက်  ဥပဒေတွေ  ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားရပါမယ်။ ဒါတင် မကသေးပါဘူး၊ စီမံခန့်ခွဲမှုပုံစံနဲ့ လုပ်နည်းလုပ်ဟန်တွေကိုပါ ခေတ်စနစ်နဲ့ အညီပြောင်းဖို့လိုသလို  ပါဝင် ပတ်သက်နေသူအားလုံးကို ထိန်းကျောင်း မယ့်ပုံစံကိုလည်း တိတိကျကျချမှတ်ထားဖို့လိုပါမယ်။

လူကိုထိန်းဖို့က အဓိက

လူရဲ့ပင်ကိုသဘောဟာ ဖောက်ပြန်တတ်တဲ့သဘောရှိပါတယ်။ အချိန် အခါ၊ အခြေအနေ၊ ဆင်းရဲ၊ ချမ်းသာ၊ ရာထူးအနိမ့်အမြင့် ပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့ သဘောရှိပါတယ်။ ဒီလိုမဖြစ်စေဖို့ မူဝါဒနဲ့ထိန်းရပါမယ်၊ ဥပဒေနဲ့ထိန်းရပါမယ်၊ စီမံခန့်ခွဲမှုစနစ် ကောင်းကောင်းနဲ့ ထိန်းရ ပါမယ်။  စနစ်နဲ့ထိန်းတဲ့နေရာမှာ လူရဲ့အကျင့်စရိုက်ကိုပြင်ပေးဖို့လိုသလို လူတွေဖောက်ပြန်လို့မရအောင် ခေတ်မီအီလက်ထရောနစ် (Electronic)  ကိရိယာပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့လည်းလို ပါတယ်။

ခေါင်းစဉ်မှာဖော်ပြခဲ့သလို  စီမံခန့်ခွဲမှုပုံစံပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ နေရာတိုင်းလိုလိုမှာ E-Government System ကို အမာခံထားပြီး သုံးနိုင်ရပါမယ်။ E-Government System ဆိုပြီး ပြောလာခဲ့တာ  ခြောက်နှစ်ကျော်၊  ခုနစ်နှစ်ထဲ  ရောက်လာချိန်ထိ နိုင်ငံတော်က ဦးဆောင်နေတဲ့အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အမှူးများ၊ ဝန်ထမ်းများကိုယ်တိုင် ထိရောက်ကျယ်ပြန့်စွာ အသုံးမချနိုင် ကြသေးတာဟာ အဆင့်အားလုံးမှာ အားနည်းချက်ရှိနေလို့ပါ။ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ E-Government System ကို Software များ စနစ်တကျရေးသားပြီး ဆောင်ရွက်နေကြလို့ ဝန်ထမ်း အင်အားတွေ လျှော့ချလာနိုင် တယ်။ လုံခြုံမှုပိုကောင်းလာတယ်။ လုပ်ငန်း တွေ မြန်ဆန်လာတယ်။ အကျင့်ပျက်ခြစားလို့ မရတာတွေ ဖြစ်သွားတယ်။

ရုံးလုပ်ငန်းတွေအတွက် နေရာထိုင်ခင်းတွေ ကျယ်ကျယ်မလိုတော့ဘဲ နေရာကျဉ်းကျဉ်းနဲ့ အရာရာကို အချိန်နဲ့တစ်ပြေးညီသိရှိပြီး ထိန်းချုပ် နိုင်လာကြပြီဖြစ်ပါတယ်။ ဒါဆိုရင် နိုင်ငံတော်ယန္တရားကြီးမှာ ဘာကြောင့် ဒီ E-Government System က မလွှမ်းခြုံ နိုင်သေးတာလဲ။ အခြေခံ အကြောင်းတွေရှိပါတယ်။

ဒီစနစ်ကိုသုံးလိုက်ရင်ရလာမယ့် ကောင်းကျိုးတွေက တသီကြီးပါ။ ခေတ်စနစ်နဲ့အညီ မိမိအုပ်ချုပ်စီမံနေတဲ့ အဖွဲ့အစည်းရဲ့   ဖွဲ့စည်းပုံ နဲ့ စီမံခန့်ခွဲမှုပုံစံကို  တာဝန်ယူမှု၊  တာဝန်ခံမှုအပြည့်အဝဖြစ်စေမယ့်ပုံစံ ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ လက်မတွန့်ဖို့လိုပါတယ်။ စရိတ်စက ကုန်ကျမှု အထိုက်အလျောက်ရှိပေမယ့်  ရေရှည်မှာ  အကျိုးစီးပွားပိုမိုဖြစ်ထွန်းမှုများပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို လေ့လာရင် ယခင်စွမ်းအင်ဝန်ကြီးဌာန အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ကဏ္ဍဟာ လွန်ခဲ့တဲ့  ၁၀ စုနှစ်တစ်စုနီးပါးကတည်းက  သိသာတဲ့ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ ရေနံဖြန့်ဖြူး ရောင်းချရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများမှာ အောင်မြင်နေခဲ့ပြီဖြစ်ပါ တယ်။  လျှပ်စစ်ကဏ္ဍကတော့ ဒီနေ့ထိ  ခေတ်ဟောင်း စနစ်ဟောင်းက ရှိပြီးဖြစ်တဲ့  အားသာချက်အချို့ပင်  ပျောက်ဆုံးသလိုဖြစ်လာနေတာတွေ့ရမှာပါ။ ယခင်က စီးပွားရေး ဆန်ဆန် စီမံခန့်ခွဲဖို့စတင်ခဲ့တဲ့ ခြေလှမ်းတွေပါ နောက်ပြန်ဆွဲပြီး နိုင်ငံပိုင်စနစ်၊ ပြည်သူပိုင်စနစ် စီမံခန့်ခွဲမှုပုံစံ လမ်းပေါ်ကို  ပြန်ရောက်လာနေတာတွေ ရှိနေပါတယ်။ ဟုတ်၊ မဟုတ် လေ့လာနိုင်ဖို့ လျှပ်စစ်စီမံခန့်ခွဲမှု အဆင့်ဆင့်ပြောင်းလဲပုံ အကျဉ်းချုပ် ဖော်ပြပါ့မယ်။

ခေတ်အဆက်ဆက် လျှပ်စစ်ကဏ္ဍ စီမံခန့်ခွဲမှုခရီး

၁၉၄၈ ခုနှစ်မှာ လျှပ်စစ်ဥပဒေ စတင်ပေါ်ပေါက်လာခဲ့တယ်။ ဒီဥပဒေ နဲ့အညီ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (Electricity Supply Board) (ESB)ဆိုတာ ၁၉၅၁ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တယ်။

 ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)