စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၁၃)

၁၉၇၂ ခုနှစ်မှာ ဒီအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (Electric Power Corporation) (EPC) အဖြစ်ပြောင်းလိုက်တယ်။ အဲဒီကာလမှာ အမှတ် (၂) စက်မှုဝန်ကြီးဌာနအောက်က စီးပွားရေးဆန်ဆန်ကော်ပို ရေးရှင်းတစ်ခုပေါ့။ ၁၉၈၉ ခုနှစ် မတ်လမှာတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)လက်ထက်မှာ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (Myanmar Electric Power Enterprise) (MEPE) အဖြစ် ပြောင်းလိုက်ပြန်ပါတယ်။ Enterprise ရဲ့ မူရင်းအဓိပ္ပာယ်ဟာ စီးပွား ရေးလုပ်ငန်း၊ စွန့်စားဆောင်ရွက်ရတဲ့အလုပ်လို့ဆိုပါတယ်။ ဌာနရဲ့အမည် မှာပဲ ဘယ်လိုစီမံရမယ်ဆိုတာ ပါပြီးသားဖြစ်နေတာတွေ့ရမှာပါ။ နိုင်ငံ ပိုင်လုပ်ငန်းများထဲက အချို့စီးပွားရေးလုပ်ငန်းတွေကို ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး စီးပွားရေးဆန်ဆန်တာဝန်ယူ၊ တာဝန်ခံမှု အပြည့်နဲ့ဆောင် ရွက်နိုင်ဖို့ စတင်ခြေလှမ်းခဲ့တာသိသာပါတယ်။

ဒီကာလမှာပဲ လျှပ်စစ်ဓာတ်အားလုပ်ငန်းနဲ့အတူ ရေနံနဲ့သဘာဝဓာတ် ငွေ့လုပ်ငန်းများကိုပါ အသစ်ဖွဲ့စည်းလိုက်တဲ့ စွမ်းအင် ဝန်ကြီးဌာနက ဦးဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ရောက်တော့ လျှပ်စစ်ကဏ္ဍကို စွမ်းအင် ဝန်ကြီးဌာနအောက်ကဆွဲထုတ်ပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသစ် တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ဒီအချိန်မှာ ဝန်ကြီးဌာနအဟောင်းမှာရှိခဲ့တဲ့ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း (MEPE) ဟာ မူလနာမည် အတိုင်း ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုအားလုံးကို မူလစီမံခန့်ခွဲမှုပုံစံ အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့တာပါပဲ။ ဝန်ကြီးဌာနအသစ်အောက် ရောက်ခဲ့ပေမယ့် လုပ်ပုံကိုင်ပုံဖွဲ့စည်းစီမံပုံဟာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိခဲ့ပါဘူး။ မူလဌာနတစ်ခုစာကို ဝန်ကြီးဌာနဆိုပြီး ပြောင်းလိုက်လို့ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနတစ်ခု ထပ်မံတိုး လာတာတွေ့ရပါတယ်။

၂၀၀၆ ခုနှစ်  မေ ၁၅ ရက်မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာနနှစ်ခုခွဲပြီး စီမံအုပ်ချုပ်ပြန်ပါတယ်။ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ ရေအားလျှပ်စစ် စီမံကိန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ဖို့ ပေါ်ပေါက်လာခဲ့တာပါ။ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကတော့  ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ များ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ကို ဆောင်ရွက်ရတာပါ။ အမှတ်(၂)ကတော့ ယခင် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်း (MEPE) အလုပ်တွေပဲလုပ်တာပါပဲ။ ဒီလိုဝန်ကြီးဌာနခွဲလိုက် တဲ့အခါ အားသာချက်တွေရှိပေမယ့် အားနည်းချက်တွေလည်းရှိနေခဲ့ပါ တယ်။ ဒီကာလ ၁၀ စုနှစ် တစ်စုသာသာအတွင်း အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက တာဝန်ယူရတဲ့နိုင်ငံပိုင်၊ ဖက်စပ်ပိုင်၊ ပုဂ္ဂလိကပိုင် ရေအားလျှပ်စစ်စက်ရုံများကို မဂ္ဂါဝပ် ၁၅၀၀ လောက်အထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တာဟာ လျှပ်စစ်သမိုင်းမှာ အထင်ကရကျန်နေခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ခန့်ကြား ဆောင်ရွက်နိုင်ခဲ့တဲ့ ရေအားလျှပ်စစ် စက်ရုံများရဲ့ ထုတ်လုပ်မှုအင်အားကြောင့် ၂၀၁၈ ခုနှစ် မတ်လမှာ ရေ အားလျှပ်စစ်နဲ့ မောင်းနှင်ထုတ်လုပ်နေတဲ့ ဓာတ်အားယူနစ်အချိုးဟာ ၅၆ ရာခိုင်နှုန်းခန့်အထိ ဓာတ်အားစနစ်ထဲမှာရှိနေတာပါ။ ရေအားလျှပ်စစ် စက်ရုံတွေက ထုတ်လုပ်ပေးလိုက်တဲ့ ဓာတ်အားခ တစ်ယူနစ်ရောင်းဈေးဟာ နိုင်ငံပိုင်စက်ရုံအားလုံးမှ တစ်ယူနစ် ၁၈ ကျပ်နှုန်း၊ ပြည်ပ ဖက်စပ်စက်ရုံ ရွှေလီ(၁)မှ ပျမ်းမျှတစ်ယူနစ် ၄၀ ကျပ်နှုန်း၊ ပုဂ္ဂလိက စက်ရုံနှစ်ရုံမှ ၆၄ ဒသမ ၅ ကျပ်နဲ့ ၇၀ ကျပ်နှုန်းစတဲ့ ဈေးနှုန်းနဲ့ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို ရောင်းချပေးနေခဲ့ပါတယ်။ ဒီလိုဝန်ကြီးဌာနနှစ်ခု ကွဲသွားတဲ့ နောက်ပိုင်းမှာ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ လုပ်ငန်း ခေါင်းစဉ်တွေ ခွဲခြမ်းစိတ်ဖြာပြီး ခေါင်းစဉ်အလိုက် ဝန်ထမ်းအကြီးအမှူး တစ်ဦးစီ ဦးဆောင်တဲ့ ဌာနသစ်တွေ ဖွဲ့စည်းလာခဲ့ပါတယ်။ မူလ MEPE ဆိုတဲ့ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းထဲကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း  (Electric Supply Enterprise) (ESE) ဆိုတဲ့အဖွဲ့ကို ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ အစည်းအဖြစ် လည်းကောင်း၊ ရန်ကုန်မြို့တော် ဓာတ်အားစီမံခန့်ခွဲရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ (Yangon Electricity Supply Board) (YESB) အဖြစ်လည်း ကောင်း ခွဲထုတ်လိုက်ပါတယ်။ MEPE ကတော့ ထုတ်လုပ်ရေး၊ ပို့လွှတ် ရေး၊ ကွပ်ကဲရေးတာဝန်ကို ယူထားပါ တယ်။ ယခင် MEPE တစ်ခုတည်း စီမံခန့်ခွဲရေးနေရာကနေ MEPE၊ ESE၊ YESB ဆိုတဲ့သုံးဖွဲ့နဲ့ စီမံခန့်ခွဲ တဲ့ပုံစံကို ပြောင်းလိုက်တာပါ။ ဝန်ထမ်းဖွဲ့စည်းပုံအသစ်တွေနဲ့ ဆောင်ရွက် ခဲ့တာပါ။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ လျှပ်စစ်ဝန်ကြီးဌာနနှစ်ခုကို ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြန်ပေါင်းလိုက်ပြန်ပါတယ်။ ၂၀၁၅ ခုနှစ် ထဲမှာ  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) ကို  ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အဖြစ် ပြောင်းလဲခြင်းနဲ့အတူ  မန္တလေးကိုပါ (ESE) ဆိုတဲ့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအောက်ကခွဲထုတ်ပြီး မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (Mandalay Electricity Supply Corporation) (MESC) အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီအချိန်မှာ ယခင်က မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်း (MEPE) တစ်ခုတည်းရှိနေရာကနေ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (MEPE)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)၊ မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ဆိုပြီး လေးဖွဲ့ခွဲပြီး စီမံခန့်ခွဲအုပ်ချုပ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်နောက်ပိုင်းမှာ ဒီဌာနတွေကို ဒီအတိုင်းပဲထားပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှစ်ခု ကို ပြန်ပေါင်းလိုက်ပြန်တယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံ ကိုလေ့လာရင် အောက်ပါအတိုင်းတွေ့ရမှာပါ။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖွဲ့စည်းပုံ

(က) ဝန်ကြီးရုံး  

(ခ)  လျှပ်စစ်ကဏ္ဍ

            ၁ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန (DEP)            

            ၂ ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန (DPTSC)

ဆက်လက်ဖော်ပြပါမည်။