တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၂၁

        မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား   ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

        ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

        အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် သားဖွား မီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ  နယ်မြေခံဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သာသနာနွယ်ဝင်သီလရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များကသွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ‌ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။