ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 နေပြည်တော်၊ ဧပြီ - ၂၁

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နေ့လယ်ပိုင်းတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ  တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေဆိုင်ရာ ပုဒ်မများနှင့် အသိပညာပေးဆိုင်ရာ တို့နှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့မှ KIA/PDF အဖွဲ့ဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့ကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ထောက်ပံ့ငွေများ၊ အဝတ်အထည်နှင့် စားသောက်ဖွယ် ရာများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူများ ကိုယ်စား မိဘအုပ်ထိန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူ များက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူများကို အသိအမှတ်ပြု ကတ်ပြားများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။