ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်တွင် သရေရလဒ်ကြောင့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက် မရေမရာဖြစ်လာ

ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်တွင် သရေရလဒ်ကြောင့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက် မရေမရာဖြစ်လာ

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၂)အဖြစ်ကစားသည့် အာဆင်နယ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်တွင် သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အာဆင်နယ်အသင်း၏ ချန်ပီယံဆုအတွက် မျှော်လင့်ချက်မှာ မရေမရာဖြစ်ပေါ်လာကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် ဆယ်စုနှစ်တစ်ခု ကျော်ကြာကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ကာလရှည်ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ပိုင်းမတည်ငြိမ်မှုများနှင့်အတူ အဆင့်(၂)နေရာမှ မန်စီးတီးအသင်းနှင့် ရမှတ်ကွာဟမှုများ ကျဉ်းမြောင်းလာခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဆောက်သမ်တန်အသင်း နှင့်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်း၏ ၃ ဂိုး-၁ ဂိုး ဖြင့် ဦးဆောင်မှုကို ခံခဲ့ရသော်လည်း ပွဲပြီးဆုံးခါနီးတွင် တရစပ်တိုက်စစ်ဆင်မှုများနှင့်အတူ အိုဒီဂက်စ်နှင့်ဆာကာတို့က ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့သော်လည်း အနိုင်ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆင်နယ်အသင်းသည် ၃၂ ပွဲကစားပြီးချိန်တွင် ရမှတ် ၇၅ မှတ်ဖြင့် အမှတ်ပေးဇယားကိုဦးဆောင်နေပြီး အမှတ်ပေး ဇယားအဆင့်(၂)နေရာမှ မန်စီးတီးအသင်းက ရမှတ် ၇၀ ဖြင့် ငါးမှတ်ကွာဟနေသော်လည်း မန်စီးတီးအသင်းက နှစ်ပွဲလျော့ အနေအထားကြောင့် နှစ်ပွဲစလုံး အနိုင်ရရှိမည်ဆိုပါက တစ်မှတ်အကွာဖြင့် ပြန်လည်ဦးဆောင်ဖွယ်ရှိကြောင်း သိရသည်။

Ref;ESPN