တရုတ်နှင့်ဖိလစ်ပိုင်တို့က မတူကွဲပြားမှုများကို အတူတကွဖြေရှင်းရန်ကတိပြု

မနီလာ၊ သံတမန်ရေး

တရုတ်နှင့်ဖိလစ်ပိုင်တို့က မတူကွဲပြားမှုများကို အတူတကွဖြေရှင်းရန်ကတိပြု

တရုတ်အစိုးရနှင့် ဖိလစ်ပိုင်အစိုးရတို့က နှစ်နိုင်ငံကြားဖြစ်ပေါ်နေသည့် မတူကွဲပြားမှုများကို အတူတကွဖြေရှင်းရန် ဧပြီ ၂၂ ရက်တွင် ကတိပြုလိုက်ကြောင်းသိရသည်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် နယ်မြေပိုင်နက်အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားရေးအတွက် ကတိပြုကြခြင်းဖြစ်သည်။ နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ တွေ့ဆုံမှုတွင် ယခုကဲ့သို့ ကတိပြုနိုင်ခြင်းလည်း ဖြစ်သည်။

တရုတ်နှင့် အမေရိကန်တို့အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက် အရေးသာမှုအတွက် ယှဉ်ပြိုင်နေကြစဉ် ထိုနှစ်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များက ဖိလစ်ပိုင်ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အနေဖြင့် ချစ်ကြည်ရင်းနှီးမှုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများကို သင့်လျော်စွာဖြေရှင်းရန်တို့အတွက် အတူတကွ လက်တွဲလုပ်ဆောင် ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ကန်းကပြောသည်။

ထိုကဲ့သို့ အတူတကွလက်တွဲလုပ်ဆောင်ခြင်းသည် ဒေသတွင်းအတွက်သာမက ကမ္ဘာကြီးအတွက်ပါ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံက အမေရိကန်တို့အတွက် နောက်ထပ် စစ်အခြေစိုက်စခန်းလေးခုကို ဖွင့်လှစ်ခွင့်ပြုကြောင်း ကြေညာပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါစစ်အခြေစိုက်စခန်းလေးခုအနက် နှစ်ခုမှာ မြောက်ဘက် တွင် တည်ရှိပြီး ထိုင်ဝမ်ကျွန်းကို ဦးတည်ထားသည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် စစ်သည်အင်အား ၁၇၀၀၀ ကျော်ဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်း အကြီးဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခန်း လုပ်ဆောင်လျက်ရှိရာ ထိုစစ်ရေးလေ့ကျင့်ခန်းကို တရုတ်ဘက်က ဝေဖန်ထားကြောင်း သိရသည်။

Ref: CAN