ဓာတ်ဆီအင်ဂျင်ခေတ်ကို မြန်မြန်ဆန်ဆန်အဆုံးသတ်လာစေတဲ့ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများ

ဓာတ်ဆီအင်ဂျင်ခေတ်ကို မြန်မြန်ဆန်ဆန်အဆုံးသတ်လာစေတဲ့ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားများ

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာကျင်းပခဲ့တဲ့ မော်တော်ကားအရောင်းပြပွဲက တရုတ်နိုင်ငံအတွင်း ဓာတ်ဆီ အင်ဂျင်မော်တော်ကားများရဲ့ ဇာတ်သိမ်းပိုင်းကို လှစ်ဟပြလိုက်ပါပြီ။

တရုတ်ပြည်တွင်းမှာ လျှပ်စစ်ကားတွေထုတ်လုပ်မှု များပြားလာတာနဲ့အမျှ မော်တော်ကားလုပ်ငန်းအတွင်း ပြောင်းလဲမှု တွေဖြစ်ပေါ် လာစေတဲ့အပြင် ပြည်ပကုမ္ပဏီတွေရဲ့ ရောင်းအားကိုလည်း ကျဆင်းသွားစေတယ်လို့ လေ့လာသူများကဆိုပါတယ်။

တရုတ်အစိုးရဟာ ပြည်တွင်းရှိလျှပ်စစ် ကားထုတ်လုပ်သူများကို အဘက်ဘက်ကနေ အားပေးအားမြှောက်မှုတွေ ပေးနေရုံသာမက လျှပ်စစ်ကား အသုံးပြုသူအများအပြားရဲ့ စိတ်ဝင်စားမှုတွေ တစ်ခဲနက်မြင့်တက်လာခြင်းကလည်း တရုတ်လျှပ်စစ်ကား ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးလာစေတာပါ။

မော်တော်ကားရောင်းချရမှုဈေးကွက်မှာ ကမ္ဘာ့အကြီးဆုံးဈေးကွက်က တရုတ်ဈေးကွက်ဖြစ်ပါတယ်။ အခုတော့ တရုတ်ပြည်တွင်းမှ လျှပ်စစ်ကားထုတ်လုပ်သူများက သူတို့ရဲ့ ပြည်တွင်းဈေးကွက်မှာ လွှမ်းမိုးလာပြီးတဲ့နောက် ပြည်ပဈေးကွက်ကိုလွှမ်းမိုးနိုင်ဖို့အတွက် စတင်လုပ်ဆောင်လာကြပါပြီ။

ရှန်ဟိုင်းမော်တော်ကားအရောင်းပြပွဲမှာ ပါဝင်ပြသသွားတဲ့ လျှပ်စစ်ကားတွေတော်တော်များများက ကမ္ဘာပေါ်ရှိ နာမည်ကျော် မော်တော်ကားတွေနဲ့ စွမ်းဆောင်ရည်ပိုင်း၊ အရည်အသွေးပိုင်း၊ သက်သောင့်သက်သာရှိမှုအပိုင်း အစရှိတဲ့အဘက်ဘက်ကနေ ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီးသူတို့မလုပ်နိုင်တဲ့အရာ ဘာမှမရှိနိုင်တော့ဘူးလို့ လျှပ်စစ်ကားကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အီလီယော့ရစ်ချက် က ပြောပါတယ်။

“အခုပြပွဲက အတွင်းလောင်အင်ဂျင်တွေရဲ့ ဇာတ်သိမ်းပိုင်းနဲ့ လျှပ်စစ်ကားတွေရဲ့နိဒါန်းပိုင်းကို လှစ်ဟပြနေတယ်လို့ ယုံကြည်မိ ပါတယ်” လို့ သူကဆိုပါတယ်။

အခုဆိုရင် လျှပ်စစ်ကားထုတ်လုပ်သူများက သူတို့အနေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမော်တော်ကားတွေကို ဇာတ်သိမ်းပေးဖို့   နီးကပ်လာနေပြီဆိုတာကိုလည်း သိရှိလာကြပါပြီ။

“ကျွန်တော်တို့အနေနဲ့   BMW၊ Mercedes Benz နဲ့ Audi တို့လိုမျိုး ဓာတ်ဆီအင်ဂျင်သုံး တကယ့်အကောင်းစားကားတွေကို အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပါတယ်” လို့ တရုတ်တက်စလာဖြစ်တဲ့ နီယိုမှ အမှုဆောင်အရာရှိချုပ် ဝီလီယံလီက ပြောပါတယ်။

တရုတ်မော်တော်ကား ထုတ်လုပ်သူများအသင်းရဲ့ ထုတ်ပြန်ချက်အရဆိုရင် လျှပ်စစ်ကားတွေက ပြီးခဲ့တဲ့နှစ်မော်တော်ကားဈေးကွက် ဝေစုလေးပုံတစ်ပုံကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီပမာဏဟာ ၂၀၂၁ ခုနှစ်ကထက် ၉၄ ရာခိုင်နှုန်း မြင့်မားလာတာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးမတည်ငြိမ်မှုနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ မော်တော်ကားဈေးကွက်အခြေအနေက အကျဘက်ကို ဦးတည်နေပေမယ့်လည်း တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ကားဈေးကွက်ဝေစုကတော့ ဒီနှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးမြင့်လာနိုင်တယ်လို့ ဝီလီယံလီက ယူဆထားပါတယ်။

“ဒီနေ့မှာ တရုတ်နိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်တွေ တော်တော်များများ နေရာယူလာတာကိုတွေ့ရပါတယ်။ ပြီးတော့ ဒါဟာ မော်တော်ကား ဈေးကွက်တစ်ခုလုံးကို ပြောင်းလဲသွားစေမှာပါ” လို့ ဗြိတိန်နိုင်ငံမှ ဇိမ်ခံကားကုမ္ပဏီဖြစ်တဲ့ Lotus မှထိပ်တန်း အမှုဆောင် မိုက်ဂျွန်စတုန်းကလည်း ပြောထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လျှပ်စစ်ကားလုပ်ငန်းအတွက် အရင်းအနှီးတော်တော်များများကို စိုက်ထုတ်ထားတာတွေ့ရပါတယ်။ သူတို့က ဓာတ်ဆီအင်ဂျင်တွေ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ကို မစဉ်းစားတော့ပါဘူး။ အဓိကအကြောင်းရင်းက လက်ရှိ ဈေးကွက်အတွင်း ရှိပြီးသား ဓာတ်ဆီအင်ဂျင်သုံးနာမည်ကြီး မော်တော်ကားများကို မယှဉ်ပြိုင်နိုင်တော့တဲ့ အတွက်ပါပဲ။

ဒါကြောင့်လည်း ကမ္ဘာမှာမတွင်ကျယ်သေးတဲ့ လျှပ်စစ်ကားထုတ်လုပ်မှုကို အင်တိုက်အားတိုက်လုပ်ဆောင်ခြင်းအားဖြင့် မော်တော် ကားဈေးကွက်ကို အလှည့်အပြောင်းဖြစ်စေဖို့   အသာစီးရယူလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီကနေ့လိုမျိုး လျှပ်စစ်ကားများ အမြောက်အမြားထုတ်လုပ်နိုင်ရေးအတွက် ၂၀၀၀ ပြည့်နှစ်အလွန် ကာလများ ကတည်းက များပြားလှတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်ခဲ့တာပါ။

ဒီနေရာမှာ တရုတ်တာဝန်ရှိသူတွေရဲ့ အားစိုက်ထုတ်မှုကလည်း အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို တွေ့ရမှာပါ။

ဗဟိုအစိုးရသာမက ဒေသတွင်းအစိုးရအသီးသီးကလည်း ပြည်တွင်းလျှပ်စစ်ကားကုမ္ပဏီများအတွက်   ဒေါ်လာဘီလီယံ ပေါင်းများစွာ  မတည်ငွေထုတ်ပေးခြင်း၊ အခွန်များကောက်ခံမှုမပြုခြင်း၊  အရပ်ဘက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် သဘောတူညီချက် များကို  လျှပ်စစ်ကားကုမ္ပဏီများသို့သာ ခွဲတမ်းချပေးခြင်းတို့ကိုလည်း အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ အစိုးရက လျှပ်စစ်ကားများအတွက် မရှိမဖြစ်လိုအပ်တဲ့ အားသွင်းနေရာတွေကိုလည်း နိုင်ငံတစ်ဝန်းမှာ ဆောက်လုပ်ခဲ့ပါသေးတယ်။ အခုဆိုရင် နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ကားများအတွက် အားသွင်းစက်စုစုပေါင်း ၅ ဒသမ ၈ သန်းကျော်ကို တပ်ဆင်ထားပြီးပါပြီ။

ကွမ်တုံပြည်နယ်တစ်ခုတည်းမှာပဲရှိတဲ့ တပ်ဆင်ပြီး အားသွင်းစက်အလုံးရေစုစုပေါင်းက အမေရိကန်တစ်နိုင်ငံလုံးမှာရှိတဲ့ အားသွင်း စက် အလုံးရေစုစုပေါင်းထက် သုံးဆပိုများတယ်လို့ Bloomberg သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင် လျှပ်စစ်ကားများထုတ်လုပ်ရေးနဲ့ရောင်းချရေးတို့အတွက် အစိုးရဘက်က ဦးစားပေးမူဝါဒများ ချမှတ်ထားဆဲဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရရင် တချို့မြို့ကြီးတွေမှာ ဈေးကြီးတဲ့လိုင်စင်နံပါတ်ပြားတွေကို လျှော့ပေါ့ပေးတာမျိုးတွေရှိပါတယ်။

ဒီလိုမူဝါဒတွေက တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားများအတွက်သာမဟုတ်ပါဘူး။ ပြည်ပမှ လာရောက်ရောင်းချလျက်ရှိတဲ့ လျှပ်စစ်ကားများအတွက်လည်း အကျုံးဝင်ပါတယ်။

ယနေ့အချိန်အခါမှာတော့ တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားအမှတ်တံဆိပ်ပေါင်း ၉၄ ခုရှိပြီး လျှပ်စစ်ကားအမျိုးအစားပေါင်း ၃၀၀ ကျော်အထိ ရှိလာတာကိုလည်းတွေ့ရပါတယ်။

လက်ရှိအချိန်မှာ ဈေးအပေါဆုံးလျှပ်စစ်ကားက အမေရိကန်ဒေါ်လာ ၅၈၀၀ ရှိနေပေမယ့် နောင်တစ်ချိန်မှာတော့ ပြည်တွင်းဖြစ် နည်းပညာများကြောင့် လျှပ်စစ်ကားဈေးနှုန်းတွေလည်း အခုထက် ကျဆင်းသွားနိုင်ပါတယ်။

လျှပ်စစ်ကားများအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာကတော့ ဘက်ထရီပါ။ အဲဒီဘက်ထရီတွေကို   အဓိကထုတ်လုပ် ပေးနေသူက CATL ကုမ္ပဏီဖြစ်ပါတယ်။

အခု CATL ကုမ္ပဏီက လီသီယမ်အိုင်းယွန်းဘက်ထရီများအစား ဆိုဒီယမ်အသုံးပြုဘက်ထရီများကို ထုတ်လုပ်နေပါပြီ။ လီသီယမ် အိုင်းယွန်းဘက်ထရီများက ကုန်ကြမ်းရှားပါးမှုနဲ့အတူ ဈေးနှုန်းကြီးမားပေမယ့် ဆိုဒီယမ်ဘက်ထရီများကတော့ ကုန်ကြမ်းလည်း ပေါများတာကြောင့် ဈေးနှုန်းလည်းချိုသာပါတယ်။

ယနေ့အချိန်အခါမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ကားများ အသုံးပြုရေးကို ဦးစားပေးလုပ်ဆောင်လာနေပါပြီ။

ဒီလိုအလှည့်အပြောင်းမှာ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားများက   ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးမော်တော်ကားများရဲ့ ဇာတ်သိမ်းကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်လာနေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: AFP

ထက်မြတ်