ဆွီဒင်နိုင်ငံက NATO တပ်ဖွဲ့သို့ဝင်ရောက်မှု ဆွီဒင်ပြည်သူထောင်ပေါင်းများစွာဆန္ဒပြ

ဂိုသန်ဘာ့၊ ပြည်တွင်းရေး

ဆွီဒင်နိုင်ငံက NATO တပ်ဖွဲ့သို့ဝင်ရောက်မှု ဆွီဒင်ပြည်သူထောင်ပေါင်းများစွာဆန္ဒပြ

ဆွီဒင်နိုင်ငံက NATOတပ်ဖွဲ့သို့ဝင်ရောက်မှုကို ဆွီဒင်ပြည်သူထောင်ပေါင်းများစွာက ဂိုသန်ဘာ့မြို့၌ စုရုံးဆန္ဒပြကြကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြသူ ၂၅၀၀ ခန့်က ဆွီဒင်နိုင်ငံက လက်ခံဆောင်ရွက်လျက်ရှိသည့် Aurora-2023 စစ်ရေးလေ့ကျင့်ခန်းများကိုလည်း ကန့်ကွက်ကြသည်။

NATO တပ်ဖွဲ့သည် အမေရိကန်နိုင်ငံ၏ စစ်မက်ပြုရေးစက်သာဖြစ်ကြောင်း၊ ဆွီဒင်နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်လိုက်ပါက နိုင်ငံသည်များပြားလှစွာသော ပဋိပက္ခများနှင့် တွေ့ကြုံရင်ဆိုင်ရမည်ဖြစ်ကြောင်း  ဆန္ဒပြသူများက ပြောသည်။

ထို့အတူ ဆွီဒင်နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့သို့ဝင်ရောက်လိုက်ပါက အခွန်အတုတ်များလည်း မြင့်တက်လာမည်ဖြစ်ပြီး ရသမျှသော အခွန်များသည် ပညာရေးနှင့်လူမှုဖူလုံရေးတို့ထက် အမေရိကန်၏ စစ်မက်ပြုရေးစက်ဆီသို့သာ ရောက်သွားမည်မှာ စိုးရိမ်စရာဖြစ် ကြောင်း ဆန္ဒပြသူများက ဆက်ပြောသည်။

ယခင်က ဆွီဒင်နိုင်ငံသည် NATO အဖွဲ့သာမက အခြားသောမည်သည့် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကိုမျှ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ  ယခုမှ  ထိုစစ်ဘက်ဆိုင်ရာ အဖွဲ့သို့ဝင်ရောက်ရန် တာစူလာခြင်းဖြစ်ပြီး ဆွီဒင်လွှတ်တော်ကလည်း နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့သို့ ဝင်ရောက်ခြင်းကို ထောက်ခံထားသည်။

ဆွီဒင်နိုင်ငံသည် ဖင်လန်နိုင်ငံနှင့်အတူ ယမန်နှစ် မေလတွင် NATO တပ်ဖွဲ့သို့ဝင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယခုနှစ် မတ် ၃၁ ရက်တွင် ဖင်လန်နိုင်ငံ၏ဝင်ခွင့်လျှောက်ထားမှုကို အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ စလုံးက ကန့်ကွက်မှုမရှိ သဘောတူလိုက်ပြီဖြစ်သော်လည်း ဆွီဒင်နိုင်ငံ၏ဝင်ခွင့်ကိုမူ ဟန်ဂေရီနှင့်တူကီယဲတို့က လက်မခံသေးကြောင်း သိရသည်။     

Ref: Sputnik