သင်္ကြန်ကာလတွင် ဝါးနှင့်ကြိမ်ပစ္စည်း အရောင်းအဝယ်ကောင်းခဲ့ပြီး ဧပြီလကုန်ပိုင်းအထိ မှာယူမှုများပြား

သင်္ကြန်ကာလတွင် ဝါးနှင့်ကြိမ်ပစ္စည်း အရောင်းအဝယ်ကောင်းခဲ့ပြီး ဧပြီလကုန်ပိုင်းအထိ မှာယူမှုများပြား

ရန်ကုန်  ဧပြီ  ၂၃

မြန်မာ့နှစ်ကူး သင်္ကြန်ကာလတွင် ပြည်တွင်း လက်မှုပစ္စည်းဖြစ်သော ဝါးနှင့်ကြိမ်ကုန်ချောပစ္စည်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးမှ နှီးဦးထုပ်၊  နှီးခမောက်၊  ဝါးပစ္စည်းနှင့် ကြိမ်ကုန်ချောပစ္စည်း မှာယူရာ၌ ဝယ်လိုအားနှင့် ထုတ်လုပ်မှုမမျှသည်အထိ  အရောင်း အဝယ်ကောင်းခဲ့ရာ  ဧပြီလကုန်ပိုင်းအထိ လက်ကားဒိုင်များက မှာယူမှုများပြားလျက်ရှိ ကြောင်း  ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်း ချောင်းမြို့ လက်မှုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဝါးပစ္စည်း၊ ကြိမ်ပစ္စည်းနှင့် ဗေဒါတို့မှထုတ် လုပ်သည့်  လက်မှုပစ္စည်းများကို  မြန်မာ ပြည်တစ်ဝန်းမှ မှာယူရာ၌  ကုန်ကြမ်းပစ္စည်း ဈေးနှုန်းမြင့်တက်ခြင်း၊  လုပ်သားရှားပါးခြင်းနှင့် လုပ်အားခမြင့်တက်လာခြင်းတို့ ကြုံတွေ့ရသော်လည်း ခရီးသွား ရာသီတစ်လျှောက်နှင့် သင်္ကြန်ကာလအတွင်း ခရီးသွားများခဲ့၍ ဝယ်လိုအားမြင့်တက်ခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့ကာ ပုဂံ၊ အင်းလေးနှင့်သံတွဲတို့သို့ အများဆုံး တင်ပို့ခဲ့ရကြောင်း သိရသည်။

 အထူးသဖြင့် ဧပြီလတွင် အပူရှိန်တိုးလာမှုကြောင့် အပူဒဏ်ကာကွယ်သည့် အနေဖြင့် အမျိုးသားဆောင်း၊   အမျိုးသမီးဆောင်း နှီးဦးထုပ်မျိုးစုံ အဝယ်လိုက်ခဲ့ပြီး ဧပြီလ သင်္ကြန်ကာလ ပြီးဆုံးသည့်တိုင်  မြန်မာပြည် ခရီးသွားဒေသတို့မှ ယနေ့အချိန်ထိ  မူရင်း လက်ကားဒိုင်သို့ အပြိုင်အဆိုင် မှာယူကြဆဲဖြစ်ရာ ယမန်နှစ်ကထက် ဧရာဝတီတိုင်းဒေသကြီးရှိ လက်မှုပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ခရီးသွားဒေသတို့မှ အရောင်းဆိုင် များ   စီးပွားရေးအခွင့်အလမ်း  များစွာ ပွင့်လန်းခဲ့သည်။ 

“ဒီနှစ်မှာ နှီးနဲ့ဝါးပစ္စည်းမှာယူမှု များခဲ့တယ်။ ဒီနေ့အထိလည်းမှာနေဆဲပဲ။ သူတို့မှာသလောက်  မထုတ်နိုင်ဘူးဖြစ်နေတယ်။ ဒီပညာကို တတ်ကျွမ်းတဲ့ လုပ်သားရှားပါးလာတာကြောင့်ပါ။ အရင်က နေ့စားလုပ်အားခ တစ်ရက် ငွေကျပ် ၄၀၀၀ ပေးရရင် အခု ငွေကျပ် ၇၀၀၀ ပေးရတယ်။ အမှာစာများတဲ့ အတွက်လည်း ပေးနိုင်ပါတယ်။ အဓိက လုပ်သားရှားလာတာကြောင့် မှာသလောက် ကုန်ချောပစ္စည်း မထုတ်ပေးနိုင်ဘူး ဖြစ်နေတာပါ။”

“ကုန်ကြမ်းပစ္စည်းက မရှားဘူး။ ဝယ်လိုအားနဲ့ ထုတ်လုပ်မှုမမျှတာပါ။ သင်္ကြန်ကာလ မတိုင်မီ၊  သင်္ကြန်ကာလနဲ့ သင်္ကြန်ပြီးသွားပေမယ့် နှီးဦးထုပ်နဲ့ဝါးနဲ့ပတ်သက်တဲ့ပစ္စည်းက အဝယ်လိုက်နေဆဲပါပဲ။  အရောင်းအဝယ်ကောင်းတဲ့ နှစ်လို့ပြောရမှာပါ။ အပူရှိန်ကာကွယ်တဲ့ အနေနဲ့ နှီးဦးထုပ် အသုံးပြုမှု များလာတာလည်းပါပါတယ်။”

“ဧရာဝတီတိုင်းမှာ ဝါးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင် နည်းတယ်။ တစ်နိုင်ငံလုံးကိုဒီတိုင်းဒေသကြီးတစ်ခုတည်းက တင်ပို့နေတာပါ။ သင်္ကြန်ကာလမှာ ငပလီ၊ သံတွဲ၊ အင်းလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ပင်းတယ၊ မော်လမြိုင်ကမှာယူမှုများတယ်။ ကျန်တဲ့ဒေသတွေလည်း မှာကြပါတယ်။”

“မြန်မာ့လက်မှုပစ္စည်း အရည်အသွေးဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့   ရင်ပေါင်တန်း နိုင်တာကြောင့် အာဆီယံနိုင်ငံတွေကို အရည်အသွေးကောင်းပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့  တင်ပို့နိုင်တဲ့ ဈေးကွက်တစ်ခုရှိမယ် ဆိုရင် မြန်မာ့ရိုးရာလက်မှုပညာ ပိုတိုးတက်ပြီး ဈေးကွက်ခိုင်မာမှု ရှိမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုရလာမှာပါ” ဟု   ငါးသိုင်းချောင်းမြို့မှ  ဝါး/ကြိမ် လက်မှုပစ္စည်းလုပ်ငန်းရှင် ဦးအောင်လွင်က ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း နှီးဦးထုပ်နှင့်  ခေတ်ပေါ်ဝါးပစ္စည်းသည် နာမည်ကြီးပြီး တစ်နှစ်လျှင် ငါးသိုင်းချောင်း နှီးဦးထုပ်သိန်းချီ၍ ထုတ်လုပ်လျက်ရှိသည်။ ဝါးနှင့်ပတ်သက်သော ပစ္စည်းအမယ် ၂၀ ကျော်၊  ကြိမ်ပစ္စည်းအမယ် ၃၀ ခန့်နှင့် ဗေဒါပင်မှ လူသုံးကုန် လက်မှုပစ္စည်းများကို ထုတ်လုပ်လျက်ရှိရာ  နိုင်ငံခြားသားများ အထူးနှစ်ခြိုက်လျက်ရှိသည်။  

ပြည်တွင်းဈေးကွက်တွင် ဝါးမှ ထုတ်လုပ်သော ဝါးဦးထုပ်အမျိုးမျိုး၊ ဝါးဆွဲခြင်း၊ ဝါးတစ်သျှုးဘောက်၊  ဝါးဘောပင်အိမ်၊ ဝါးပန်းဆိုင်၊  ဝါးခွက်၊  ဝါးဇွန်း၊ ဝါးဆေးတံ အပါအဝင်လူသုံးကုန် ပစ္စည်းများနှင့် ကြိမ် ပစ္စည်းဖြစ်သော ကြိမ်ဗန်း၊ တစ်သျှုးဘောက်၊ ကြိမ်ဆွဲခြင်း၊  ကြိမ်ထိုင်ခုံနှင့် လူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပြီး  ဝါးပစ္စည်း ထုတ်လုပ်ရန် တင်းဝါးကို အသုံးပြု၍ ကြိမ်ပစ္စည်း ထုတ်လုပ်ရန်  ရေငန်ဒေသများမှ ကြိမ်ကို အသင့်ရရှိလျက်ရှိသည်။ ဝါးနှင့်ကြိမ် ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ မော်လမြိုင်၊ ရခိုင်ဒေသနှင့်  ကျန်သော ခရီးသွားဒေသများသို့ တင်ပို့လျက်ရှိပြီး  လက်မှုပစ္စည်းဖြစ်သောကြောင့် လုပ်သားများ၏ ထုတ်လုပ်မှုပေါ်တွင် မူတည်လျက်ရှိ၍ အပူရှိန်တိုးလာသော ဧပြီလ၌  နှီးဦးထုပ်များနှင့် အအေး ဓာတ်ရှိသော  ကြိမ်ပစ္စည်း မှာယူမှုများပြားနေဆဲဖြစ်ကြောင်း သိရသည်။