ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅)ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများ

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅)ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅)ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူများက သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားမှ အနာဂတ်မျိုးဆက်သစ်လူငယ်လေးများ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်-

ဒေါ်နီနီအောင်(ဆရာမ)

     စစ်ကိုင်းတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်ကပါ။  ဒီကျောင်းမှာက နယ်စပ်ဒေသ  မဖွံ့ဖြိုးသေးတဲ့ ဒေသက ကလေးတွေ တက်ရောက်ကြတာပါ။ တိုင်း ရင်းသားလူမျိုးပေါင်းစုံ အများကြီးရှိပါတယ်။ ဒီကျောင်းက ကလေးတွေက ဆယ်တန်း အောင်ပြီးလို့ရှိရင် ငါးနှစ်ပညာသင်ကြားရပါတယ်။ ပညာရေးနဲ့ ပတ်သက်တာတွေ၊ သူတို့ရဲ့အထူးပြုဘာသာရပ်တွေ၊ နယ်စပ် ဒေသမဖွံ့ဖြိုးသေးတဲ့ သူတို့တွေရဲ့ဒေသ  မှာပြန်ပြီး  တာဝန်ထမ်းဆောင်ရပါတယ်။ ဒီလိုမျိုးကျောင်းတွေ ဖွင့်လှစ်ပေးတဲ့အတွက် နယ်စပ်ဒေသမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးတွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ပညာရေးကဏ္ဍက အထူးအရေးပါတာဖြစ် တဲ့အတွက် ဒီလိုကျောင်းမျိုးများများ ဖွင့်လှစ် သင့်ပါတယ်။ သူတို့ငါးနှစ်တာ စာသင်ကြားပြီးလို့ ကျောင်းပြီးပြီဆိုရင် အထက်တန်းပြရာထူးနဲ့   သူတို့ရဲ့ဒေသတွေမှာရှိတဲ့ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကျောင်းမှာကတော့ ကလေး တွေအကုန်လုံးကို နိုင်ငံတော်က ပညာသင် စရိတ်အကုန်လုံး စီစဉ်ဆောင်ရွက်ပေးထား တာဖြစ်ပါတယ်။ သူတို့ကလည်း တစ်နှစ်ပတ်လုံး ဒီကျောင်းမှာနေရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့သားသမီးတွေလိုပဲ ပြုစုစောင့်ရှောက်ပါတယ်။ ဒီကျောင်းက မြန်မာနိုင်ငံဒေသ အသီးသီးမှာရှိတဲ့ တိုင်းရင်းသားတွေစုစည်း တဲ့နေရာဖြစ်ပါတယ်။ တိုင်းရင်းသား၊ တိုင်းရင်း သူတွေအများကြီး အတူတကွနေရပါတယ်။တစ်ယောက်နဲ့  တစ်ယောက်ကလည်း ညီအစ်ကိုမောင်နှမတွေလိုပဲ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို တွေ့ရပါတယ်။ ငါးနှစ် တာတစ်လျှောက်လုံး သူငယ်ချင်းတွေနဲ့ အတူတွဲပြီး စာလာသင်ရတဲ့အတွက် ပိုပြီး တော့ခင်မင်မှုတွေ ရှိပါတယ်။ သူတို့ဒေသ မှာရှိတဲ့ ကလေးတွေရဲ့ နောင်အနာဂတ် မျိုးဆက်သစ်ကလေးတွေကို ပြန်ပြီးမွေးထုတ်ပေးရမှာ ဖြစ်တဲ့အတွက် ဒီလိုကျောင်းမျိုးကို လာရောက်တက်သင့်ပါတယ်လို့ ကျွန်မက ဖိတ်ခေါ်ချင်ပါတယ်။

မခိုင်သန္တာစိုး     

     ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေလာပြီး တက်ရောက်ရခြင်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ရေးဖြေစာမေးပွဲ အရင်ဆုံးဖြေရတယ်။ ရေးဖြေအောင်ပြီးတော့မှ နှုတ်ဖြေဖြေပြီး  ဒီကျောင်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ သမီးတို့က ဒီကျောင်းမှာဆိုရင်  တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့လည်း တွေ့ရတယ်။ တိုင်းရင်းသား အချင်းချင်း သူတို့ရဲ့ ရိုးရာဓလေ့ပေါင်းစုံကို  တွေ့ကြုံရတယ်။ သူတို့ရဲ့ ဘာသာစကားတွေကို နည်းနည်း နားလည်သလိုဖြစ်တယ်။ သူတို့ရဲ့စိတ်ဓာတ်၊ ဓလေ့တွေ၊ ယဉ်ကျေးမှုတွေကို သိရှိရတယ်။ တိုင်းရင်းသားလူမျိုး အများကြီး  စုပေါင်းနေထိုင်တဲ့ အတွက်ကြောင့်  အချင်းချင်းစည်းလုံး ညီညွတ်မှုက ပိုပြီးခိုင်မာလာပါတယ်။ ဒီကျောင်းက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကအားသာပြီး အလေးပေးတဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေကို ပြုစုပျိုးထောင်ပေးမယ့် ဆရာမလောင်းတွေဖြစ်စေနိုင်တဲ့အတွက် ဒီကျောင်းကို လာရောက်တက်စေချင်ပါတယ်ရှင်။

မလမင်းနိုင်

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ကာကျေးရွာကနေ ဒီကျောင်းကို တက် ရောက်ဖို့အတွက် မြို့နယ် ပညာရေးမှူးရုံးမှာ ရေးဖြေ ဖြေရတယ်။ ရေးဖြေအောင်ပြီ ဆိုရင် ပြည်နယ်ရုံးမှာ နှုတ်ဖြေကိုဖြေခဲ့ပြီး တက်ရောက်ခွင့်ရရှိခဲ့တာပါ။ ဒီကျောင်းကို တက်ရောက်ဖို့ဆိုရင် အစစအရာရာ Perfect ဖြစ်ဖို့လိုပါတယ်။ ကျောင်းမှာဆိုရင် တိုင်းရင်းသားတွေ အားလုံး တော်တော်များ များစုပေါင်းထားတာ ဖြစ်တယ်။တိုင်းရင်းသားတွေ အကုန်ရောက်ရှိနေပြီဆိုကတည်းက ညီအစ်ကိုမောင်နှမ စိတ်ဓာတ် အပြည့်နဲ့ သွေးရင်းသားရင်းဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ဒီ ကျောင်းမှာ နေထိုင်ကြပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ဖေးမကူညီကြပါတယ်။ မကြာခင်ကျောင်းဆင်းတော့မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဒေသမှာပြန်ပြီး  ဒေသကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမှာပါရှင့်။ ဘာပဲပြောပြော  တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလိုကျောင်းမျိုး ဖွင့်ပေးထားတာကိုပဲ အများကြီးကောင်းပါတယ်။ သမီးတို့ တိုင်းရင်းသား တော်တော်များများက မဖွံ့ဖြိုးသေးတဲ့ဒေသ ကနေ လာရောက်တက်ကြတာပါ။ အဓိက ဒီကျောင်းဆင်းသွားတဲ့ လူတစ်ဦးတစ်ယောက် ချင်းစီရဲ့ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်တဲ့၊ တစ်ထောင့်တစ်နေရာကနေပြီး သယ်ပိုးဆောင်ရွက်နိုင်တဲ့ သူတွေဖြစ်ပါတယ်။ ဒီလိုကျောင်းမျိုးကို ဖွင့်လှစ်ပေးတာ အရမ်းကိုကောင်းပါတယ်။ ဒီကျောင်းမှာ ဆိုရင် အချင်းချင်း ရိုင်းပင်းကူညီပြီး ဘယ်ကျောင်းမှာမှမတူဘဲ နွေးထွေးမှုတွေရှိတယ်။ ဆရာ၊ဆရာမတွေကလည်း  ကိုယ့်ရဲ့သား သမီးအရင်းလိုမျိုး ပြုစုပျိုးထောင်ပေးတယ်။ စီနီယာအစ်မ၊ အစ်ကိုတွေလည်း ရောက်လာတဲ့ ညီငယ်၊ ညီမငယ်များကို နွေးနွေး ထွေးထွေးနဲ့ကြိုဆိုပြီး ဘယ်နေရာမှာမှ မရှိတဲ့ ဝိသေသလက္ခဏာမျိုးရရှိနိုင်မှာ ဖြစ်ပါတယ်။

မောင်လင်းကိုဖြိုး

    ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်က တက်ရောက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်ဒီကျောင်းကို ၂၀၁၆ ခုနှစ်က တက်ရောက်ခဲ့တာဖြစ်ပြီး ဒီကျောင်းကို တက်ရောက်ဖို့ ဆယ်တန်းအောင်တဲ့အခါမှာ သီးသန့်လျှောက်ရတာဖြစ်ပါတယ်။ ရေးဖြေ၊ နှုတ်ဖြေဖြေဆိုရတယ်။ ဖြေဆိုသူအများကြီးထဲကမှ ရွေးချယ်တာဖြစ်ပါတယ်။ ကျောင်း  ရောက်တဲ့အခါ ပြည်နယ်အလိုက်လာတဲ့ လူတွေကိုခွဲထုတ်ပြီး တခြားပြည်နယ်မတူ တဲ့သူတွေနဲ့ အဆောင်ကို တွဲထားပေးတာ ဖြစ်ပါတယ်။ ပြည်နယ်မတူတဲ့ လူမျိုးစရိုက် တွေကိုသိဖို့ရယ်၊  ချစ်ခင်ရင်းနှီးသွားဖို့ ရည်ရွယ်ပြီး ထားတာဖြစ်ပါတယ်။ အဲဒီလူ တွေကို တပ်ရင်း၊ တပ်ဖွဲ့စနစ်နဲ့သွားတာဖြစ် တဲ့အတွက် တပ်ရင်းလုပ်ငန်း၊ တပ်စုလုပ်ငန်း တွေ၊ ကျောင်းလုပ်ငန်းတွေ လုပ်ရင်းချစ်ကြည် ရင်းနှီးရရှိဖို့အတွက် ထားတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စုစုစည်းစည်းရှိတယ်။ တိုင်းရင်းသားချစ်ကြည် ရင်းနှီးဖို့အတွက် အဓိကလုပ်ငန်းတစ်ခုလို့  မြင်ပါတယ်။ ကျွန်တော်တို့ဒီမှာဆိုရင် နိုင်ငံတော်ကနေ အပြည့်အ၀  ထောက်ပံ့ပေးထားတာဖြစ်တယ်။  ပညာရေးတက္ကသိုလ်လည်းဖြစ်တယ်။ တခြားတက္ကသိုလ်နဲ့မတူတဲ့ ဖွံ့ဖြိုးရေး ဘာသာရပ်တွေ၊ အထူးပြုဘာသာရပ်တွေ သင်ကြားရမယ်။  တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူငယ်များကို တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက်  လာရောက် တက်ရောက်ရန်  ဖိတ်ခေါ်ချင်ပါတယ်။  ကျွန်တော်တို့ ကျောင်းပြီးရင် ပညာရေး ဝန်ထမ်းလောကကိုရောက်ရှိမှာဖြစ်ပါတယ်။ ကျရောက်တဲ့ အခန်းကဏ္ဍမှာ အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မသန္တာစိုး

     ၂၀၁၆ ခုနှစ်ကစပြီး တက်ရောက်တာ ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင်ငါးနှစ်   တက်ရတာဖြစ်ပြီး ကိုဗစ်နဲ့ဆိုတော့ ခုနစ်နှစ် ဖြစ်သွားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် က တက်ရောက်တာဖြစ်ပါတယ်။ ဒီကျောင်း က အကုန်လုံးအစစအရာရာ ထောက်ပံ့ပေး ထားပါတယ်။ အဆောင်မှာနေထိုင်တဲ့နေရာ  တွေ၊ အစားအသောက်အကုန် ထောက်ပံ့ ပေးထားပါတယ်။ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ကျွန်မတို့လို နယ်စပ်ဒေသမဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက် အင်မတန်မှအထောက် အကူပြုနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ဒီက ဆရာ၊ ဆရာမတွေကလည်း စေတနာအပြည့်နဲ့ သင်ကြားပေးတာဖြစ်  တဲ့အတွက် တက်ချင်တဲ့ညီငယ်၊ ညီမငယ် အကုန်လုံးကို ဖိတ်ခေါ်ချင်ပါတယ်။