နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၂၅

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ(B)ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

        အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ နှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများတက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက်ဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်( ၃၂ )ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကြီးကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ၊ မေ ၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပ ပြုလုပ်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်သာ လိုတော့သည့်အတွက် ပြိုင်ပွဲဝင်ကြ မည့် အားကစားမောင်မယ် အပေါင်းတို့သည် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာ အသင့်၊ အားကစားပညာရပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသင့်၊ အစစ အရာရာပြိုင်ပွဲဝင်ကြဖို့အသင့် ဖြစ်နေကြပြီဟုယုံကြည်ပါကြောင်း။

နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများအားလုံးကလည်း အားကစား မောင်မယ်များ ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားကြိုးမာန်တက်၊ အောင်မြင်ရမည်၊ ဆုတွေဆွတ်ခူးနိုင်ရမည်ဆို သည့် စိတ်ဓာတ်အပြည့်နှင့် “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသည့်အတိုင်း ပြင်းပြင်း ထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်သိရှိပြီး ဖြစ်သကဲ့သို့ ဆုများတစ်ပွေ့တစ်ပိုက်နှင့် အောင်မြင်မှုများနှင့်ပြန်လာမည်ကို မျှော်လင့်စောင့်စား နေကြမည်ပင် ဖြစ်ပါကြောင်း။

“လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့်အောင်စိတ် တံခွန်များ တလူလူလွှင့်ထူ ထားကြပြီဟုလည်း ယုံကြည်ထားပါကြောင်း။

ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲကြီးသည် အားကစား မောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန်လူကောင်းများ ဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်းကောင်းကြီး တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခုအခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်နေကြသည်ကို အသိပေးမှာကြားလိုပါ ကြောင်း၊ မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက် အိပ်မက်များကို အကောင် အထည်ဖော်နိုင်ရန် မောင်မယ်များအနေဖြင့် ရေကုန်ရေခမ်း အားထုတ်ကြိုးပမ်းသွား ကြမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။

ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ကြမည့်မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများ ကထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာ အားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်း တင်သွင်းနိုင်ကြ မည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင် အမြင့်မား ဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင် ကျေနပ်မနေဘဲ အာရှ အိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်း ကြိုးပမ်းသွားကြစေလိုပါကြောင်း။

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစား ပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုး ဖြစ်ကြောင်း၊ အားကစား အောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြ နှင့် အားကစားသမားများအားလုံး သတိချပ်ကြစေလိုပါကြောင်း၊ ထို့ပြင်အမိမြန်မာ နိုင်ငံတော်နှင့် မြန်မာလူမျိုး၏ဂုဏ်သိက္ခာနှင့် ပတ်သက်ဆက်နွှယ် နေသည့်အတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစား အဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထား ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး ချမှတ်ဆောင်ရွက်နေ သည့် ဦးတည်ချက်များထဲတွင် “ နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာ ရေးစနစ် ဖြစ်ပေါ်လာစေရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကိုချမှတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစား ကဏ္ဍသည် အရေးကြီးပါကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် နေခြင်းဖြစ်သည် ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစား စိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ် ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက် အားကစား ကဏ္ဍကိုအားပေးမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်း ပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေး လျက်ရှိနေပါကြောင်း၊ ထို့ကြောင့်လည်း မိမိတို့တာဝန်မယူမီကရှိခဲ့သည့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး သီးခြားစီ ခွဲဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ ကြောင်း၊  လူငယ်များကို ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့် အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သား ကောင်းများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်ပင် ဖြစ်ပါကြောင်း၊ အားကစားထူးချွန်သည့် လူငယ်များကို ယခုကဲ့သို့ နိုင်ငံ့လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်စေခြင်းဖြင့် အားကစားလူငယ် မောင်မယ်တို့၏ကြိုးပမ်းမှု၊ အောင်မြင်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်မားစေပြီး မိမိတို့တစ်ဦးချင်း၏ လူနေမှုဘဝများလည်း မြင့်မားလာစေမည်ဖြစ်ပါ ကြောင်း။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကိုလည်း အသက်(၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ်ကျပ်တစ်ရာ ငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယ အဆင့်  ၃၉ ဦးနှင့် လူမှုထူးချွန် တတိယအဆင့်  ၆၉  ဦး တို့ကိုပေးအပ် ချီးမြှင့် ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက် ပြီး စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူ အခွင့်အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်သည် မောင်တို့မယ်တို့ အားကစားအဖွဲ့ အတွက်ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည် ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံနေ စေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။

ယခုနိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက် ရွေးစင် အားကစားသမားများသည် ကောင်းမွန်သည့် ကျန်းမာ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင် နိုင်ကျွမ်းကျင်မှု၊ အားကစား စွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အချက်များနှင့် ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ထားပြီး ဖြစ်ကြ မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီး ဖြစ်ခြင်းကြောင့် မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်း သွားကြရန် ထပ်မံတိုက်တွန်းလိုပါ ကြောင်း၊ အားကစားအောင်မြင်မှုများအတွက်လည်း ထိုက်တန်စွာဂုဏ်ပြု သွားမည် ဖြစ်ပါကြောင်း။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်က ကူညီ အားပေးခဲ့ကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပါအဝင် အားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ် အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေး ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့် ရင်ဆိုင် ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊  နိုင်ငံကြီးသားစိတ်ဓာတ်နှင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည် ရေး သံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်နှင့် ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြို နေမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းတင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲ၀င် လက်ရွေးစင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ အား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစား ပြိုင်ပွဲများတွင်အသုံးပြုမည့် ပြိုင်ပွဲ၀င်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည် ကြည့်ရှုသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲ၀င်မည့် အားကစားသမား ၃၄၁ ဦးသည် အားကစား နည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။