နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဉီးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဉီးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ ၂၅

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးဉီးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးဉီးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဆောင်ရွက်သည့်အစည်းအဝေးသည် မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)အတွက် ဆက်စပ်သည့် ဝန်ကြီးဌာနများ အားလုံးပူးပေါင်းကျင်းပနိုင်ရန် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဆုံးအကြိမ်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို ချို့ယွင်းချက်မရှိ အမှားအယွင်းမရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ မေလဆန်းပိုင်းတွင် နေပြည်တော်၌ ကျင်းပရန် စီမံထားရှိပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များပါဝင်မည်ဖြစ်ကြောင်း၊ အလားတူ Parallel Session နှင့်အတူ Themes, Sub-themes ၊Presentation ၊ အမေးအဖြေ နှင့် အကြံပြုချက် ကဏ္ဍများပါဝင်မည် ဖြစ်ကြောင်း၊ ညီလာခံကို မေလတွင် ဆောင်ရွက်မည် ဖြစ်သည့်အတွက် ပြင်ဆင်စရာ ရှိသည်များကို စနစ်တကျ ပြင်ဆင်ဆောင်ရွက် သွားကြရမည် ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်နှင့်အညီ ဆွေးနွေးရမည့် ခေါင်းစဉ်များကို အပြီးသတ် ညှိနှိုင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြု ဆုံးဖြတ်ကြရမည် ဖြစ်ကြောင်း။

ပညာရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် စတင်တာဝန် ယူချိန်မှ စ၍ ပညာရေးကဏ္ဍတိုးတက်စေရန် တွန်းအားပေးဆောင် ရွက်ခဲ့ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဉီးတည်ချက်(၁၂)ရပ်၏ နောက်ဆုံး အချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး ဆိုသည့်အချက်ပါဝင်ကြောင်း၊ အဆိုပါ ဉီးတည်ချက်နှင့်အညီ မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကိုကျင်းပသွားကြရမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားကြောင်း၊ ထို့ အတူ ဆရာ၊ ဆရာမများအတွက်လည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက်လည်း အလားတူ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက် ခွင့်ပြုပေးခဲ့သည့် အသုံး စရိတ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆)လဘတ်ဂျက် BEတွင် ငွေကျပ်သန်းပေါင်း ၁၁သိန်း ကျော်ခန့်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁သိန်းကျော်ခန့်ခွင့် ပြုပေးထားခဲ့ကြောင်း၊ BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ခုနှစ် ကို ပြန်ကြည့်မည်ဆိုပါက BEတွင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၂၁ သိန်းကျော်နှင့် RE တွင်ငွေကျပ်သန်းပေါင်း ၂၂သိန်းကျော် တိုးမြှင့်ပေးခဲ့ကြောင်း၊ GDP ရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုပါက ၁ ဒသမ ၇၃ရာ ခိုင်နှုန်း နှင့် RE တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ပညာရေးနှင့်ပတ်သက်၍ အသုံး ပြုခဲ့သည်ကို ပညာရေးကဏ္ဍမြှင့်တင်ရေး အားပေးမှုအဖြစ် တွေ့မြင်နိုင်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် BE ၏ ခွင့်ပြုငွေကို ကြည့်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၂၁ ဒသမ ၈သိန်းကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့အပြင် ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ ၂၀၂၁ အောက်တိုဘာလမှစတင်၍  ပါရဂူဘွဲ့အတွက် ငွေကျပ်သုံးသောင်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်တစ်သောင်း ထောက်ပံ့ခဲ့ပြီး ကျောင်းအလိုက် အုပ်ချုပ်မှုစရိတ်များ ကိုလည်း ထောက်ပံ့ခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက် အသုံးစရိတ်များ တိုးမြှင့်ခွဲဝေချထား ပေးသကဲ့သို့ ဆရာ၊ ဆရာမများ ပညာအရည်အချင်း မြင့်မားရေးအတွက် မွမ်းမံသင်တန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)တွင် ရည်ရွယ်ချက်များ၊ ဆွေးနွေး ရမည့်ခေါင်းစဉ်များ၊ ဆွေးနွေးရမည့် အချက်အလက်များကို ချမှတ် ပေးထားကြောင်း၊ ပထမအချက်အနေဖြင့် ပညာရေးတန်းစဉ် ကူးပြောင်း မှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်ဖြစ်ကြောင်း၊  ဒုတိယအချက်မှာ KG+9 ပညာရေးကို အမျိုးသားရေး ကိစ္စတစ်ရပ်အဖြစ်  တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ တတိယအချက်သည် သက်မွေးဝမ်း ကျောင်းအခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်း ပညာရပ်များ သင်ကြားရန်ဖြစ်ကြောင်း၊ စတုတ္ထအချက်သည် လုပ်ငန်းခွင် လက်တွေ့ အသုံးကျမည့် ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ပဥ္စမအချက်သည် အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှု အသိုက်အဝန်း အထောက်အကူ ပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်ဖြစ်ကြောင်း၊ ဆဌမအချက်သည် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ်ရန် တို့အပြင် လူငယ် လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များရှိလာစေရန် မည်သို့ ဆောင်ရွက်မည် ဆိုသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို ထည့်သွင်း အဖြေရှာကြရန် ချမှတ်ပေးထားကြောင်း၊  အဆိုပါ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာရန် ကျင်းပမည့် ပညာရေးညီလာခံတွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အပြန်အလှန် ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့၌ Myanmar Sustainable Development Plan (MSDP) ရှေ့လုပ်ငန်းစဉ် နှစ်(၃၀) နှစ်ရှည် စီမံကိန်းရှိပြီး ဖြစ်ကြောင်း၊ ယခုကျင်းပမည့်ညီလာခံတွင် ကာလတို၊ ကာလလတ်  စီမံကိန်းများကို မည်သို့ ဆောင်ရွက်သွားကြရမည် ဆိုသည်ကို နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ပေးထားသည့် ဆွေးနွေးရမည့် အချက်များကို မူတည်၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ကျင်းပမည့် ပညာရေးညီလာခံမှ နိုင်ငံ၏ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန်သည့် အချက် အလက်များနှင့် ကောင်းမွန်သည့် ရလဒ်များထွက် ပေါ်လာလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း။

နိုင်ငံတော်မှ အကောင်အထည်ဖော်နေသည့် ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်း ထွက်သူ လျော့နည်းရေးမှသည် လုံးဝမရှိတော့သည်အထိ ဆောင်ရွက်နိုင်ရေး အစီအစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးကြရမည် ဖြစ်ကြောင်း။

KG+9 ပညာရေးပြီးမြောက်သည့် အခါစိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုနည်း ပညာရပ်များ၊ သက်မွေးပညာရပ်များကို သင်ယူတတ်မြောက်စေပြီး လက်တွေ့လုပ်ငန်း ခွင်သို့ သွားရောက်နိုင်သည့် လမ်းကြောင်းနှင့် ထိုမှတဆင့် အဆင့်မြင့်ပညာအထိ ပေါင်းကူးတက်ရောက်နိုင်ရန် လမ်းကြောင်းများ ရှိပြီဖြစ်သည့်အပြင် လက်တွေ့လုပ်ငန်း ခွင်သို့ ဦးမတည်ဘဲ အဆင့်မြင့်ပညာရေးသို့ ဆက်လက်လေ့လာဆည်းပူးနိုင်သည့် လမ်းကြောင်းများ ထင်ထင်ရှားရှားရှိပြီဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါများစေရေး နည်းလမ်းများရှာဖွေနိုင်ရန် ဦးတည်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ညီလာခံတွင် ဆွေးနွေးကြမည့် ကာလတို၊ ကာလလတ်စီမံကိန်းများတွင် နောင် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များ နှင့် ကောင်း မွန်သည့် ပညာရေးအခြေအနေများ ရရှိစေရန် ဝိုင်းဝန်းဆွေးနွေးသွား ကြရမည် ဖြစ်ကြောင်း၊ စာတမ်းပြုစုကြသည့် ပညာရှင်များအနေဖြင့် မြန်မာ့ပညာရေးတိုးတက် ကောင်း မွန်စေရန် ကောင်းမွန်သည့် စာတမ်းများပြုစု၍ ဝိုင်းဝန်းဆွေးနွေးအဖြေရှာ သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်၌ မြန်မာ့ ပညာရေးတိုးတက်မြင့်မားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံ၏တာဝန်ကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့အောင်မြင် ကောင်းမွန်စေရန် ယခုကဲ့သို့ ပညာရေး ညီလာခံကြီးကိုလည်း ကျင်းပခြင်းဖြစ်ကြောင်းနှင့် အားလုံးမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့်အညီ အောင်မြင်အောင်ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ ဆွေးနွေးမည့် စာတမ်း ခေါင်းစဉ်များ နှင့် ပညာရေး ညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ မှုများကို  ရှင်းလင်းတင်ပြသည်။

          ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။