(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်းထုတ်ပြန်

ရန်ကုန်၊ အားကစား

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဝင်ရောက် ယှဉ်ပြိုင်မည့်    မြန်မာ့လက်ရွေးစင်  ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်းကို  ဧပြီ ၂၆ ရက်က နည်းပြချုပ် ဖိုက်တန်ဘိုင်နာက အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်းကို နည်းပြချုပ် ဖိုက်တန်ဘိုင်နာက တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး ဧပြီ ၁၀ ရက်က ပဏာမကစားသမား ၂၆ ဦးဖြင့် စတင်စုဖွဲ့ခဲ့ပြီး နောက် ထိုင်းနိုင်ငံသို့ သွားရောက်၍ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ထိုင်းနိုင်ငံ လေ့ကျင့်ရေးခရီးစဉ်အတွင်း ထိုင်းနိုင်ငံမှ ကလပ်အသင်းများနှင့် ခြေစမ်း ပွဲစဉ်များ ကစားခဲ့ပြီးနောက် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ကာ အပြီးသတ် ကစားသမားစာရင်းကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း အပြီးသတ်ကစားသမားစာရင်းတွင် ဂိုးသမားနေရာ၌ ပြည့်ဖြိုးသူနှင့်ဟိန်းထက်စိုး၊ ခံစစ် ကစားသမားနေရာ၌ ရှင်းသန့်အောင်၊ ကောင်းထက်ပိုင်၊ ထူးမြတ်ခန့်၊ လတ်ဝေဘုန်း၊ သက်ဟိန်းစိုး၊   ဉာဏ်လင်းထက်၊ နောင်နောင်စိုး၊   ကွင်းလယ်ကစားသမားနေရာ၌ အောင်မျိုးခန့်၊ အာကာကျော်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲရင့်ဖြိုး၊ ခွန်ကျော်ဇင်ဟိန်း၊ တိုက်စစ် ကစားသမားနေရာ၌   ချစ်အေး၊ ဥက္ကာနိုင်၊ စွမ်းထက်၊ အောင်သီဟနှင့် ဟိန်းထက်အောင်တို့   ပါဝင်ခဲ့ကြသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် တီမော ယူ-၂၂ အသင်း၊ အင်ဒိုနီးရှား   ယူ-၂၂ အသင်း၊ ဖိလစ်ပိုင် ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား  ယူ-၂၂ အသင်းတို့နှင့် အုပ်စု(က)၌ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များအဖြစ်  မေ ၂  ရက်တွင် တီမော ယူ-၂၂ အသင်း၊ မေ ၄ ရက်တွင် အင်ဒိုနီးရှား ယူ-၂၂ အသင်း၊ မေ ၇ ရက်တွင် ကမ္ဘောဒီးယား  ယူ-၂၂  အသင်း၊ မေ ၁၀ ရက်တွင်  ဖိလစ်ပိုင်  ယူ-၂၂ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။             

စည်သူအောင်