ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းမှ မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ စကားသံများ

ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းမှ မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ စကားသံများ

    ၂၀၂၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား၊  ကျောင်းသူ လူငယ်မောင်မယ်များ  အသိပညာများ  ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ  ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ) က အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်/အငယ်တန်းအဆင့်)များကို ဧပြီ ၂၄ ရက်မှစ၍ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း ဖွင့်လှစ်လျက်ရှိရာ အဆိုပါ ရေကြောင်းနှင့် လေကြောင်းလူငယ် သင်တန်းများ၌ တက်ရောက်လျက်ရှိသော မျိုးဆက်သစ်လူငယ် မောင်မယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးဝေယံဟိန်း (အခြေခံလေကြောင်းလူငယ်သင်တန်းမှူး)

    အခြေခံလေကြောင်းလူငယ် သင်တန်း မှာ သင်တန်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။   အခြေခံလေကြောင်းလူငယ် သင်တန်းကို  ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉    ခုနှစ်အထိ   ဖွင့်လှစ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကနေ  ၂၀၂၂   ခုနှစ်အထိ   ရပ်နားထားခဲ့ပါတယ်။  ၂၀၂၃  ခုနှစ်မှာ  အခြေခံလေကြောင်း လူငယ်သင်တန်း   အမှတ်စဉ်(၁/၂၀၂၃)ကို     ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပါတယ်။      အနယ်နယ်အရပ်ရပ်က   လေကြောင်းပျံသန်းမှု ပညာရပ်ကို စိတ်ပါဝင်စားတဲ့ လူငယ်မောင်မယ် ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၀ ဦးနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ဗိုလ်ကြီးဇွဲဝင့်နိုင် (အခြေခံလေကြောင်းလူငယ် သင်တန်းတာဝန်ခံအရာရှိ)

    ကျွန်တော့်အနေနဲ့ အခြေခံလေကြောင်း လူငယ်သင်တန်းမှာ  Simulator မောင်းနှင်ပျံသန်းမှု တာဝန်ခံအရာရှိအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။ သင်တန်းကာလက ဧပြီ ၂၄ ရက်ကနေ မေ ၁၉ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ် သင်ကြားနေ တာဖြစ်ပါတယ်။ ပထမနှစ်ပတ်ကို မှော်ဘီလေတပ်စခန်းမှာ  စာပေ၊  Simulatorမောင်းနှင်ပျံသန်းမှု သင်ခန်းစာနဲ့  အခြေခံစစ်ပညာတွေ သင်ကြားပို့ချပေးပါတယ်။

ဒုတိယနှစ်ပတ်ကို  မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်မှာ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းမှု သင်ခန်းစာကို ဆက်လက်သင်ကြား ပို့ချပေးမှာပါ။     

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် ကျောင်းသား၊   ကျောင်းသူတွေအနေနဲ့ လေကြောင်းနဲ့ အာကာသ သိပ္ပံပညာရပ်တွေမှာ    စိတ်ဝင်စားမှု များလာမယ်လို့ မျှော်မှန်းပါတယ်။

မောင်မင်းထက်ခန့်(အခြေခံလေကြောင်းလူငယ် အကြီးတန်းအဆင့် သင်တန်းသား)

    ကျွန်တော့်နာမည်က မောင်မင်းထက်ခန့်ဖြစ်ပါတယ်။  ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ကလာရောက်ပြီး သင်တန်း တက်ရောက်တာဖြစ်ပါတယ်။   အသက်က ၁၆ နှစ်ပါ။ Grade-11 ဖြေဆိုထားပါတယ်။

နွေရာသီကျောင်းပိတ်ရက်တွေမှာ အချိန်ကို  အကျိုးရှိရှိ အသုံးချဖို့အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း   လေယာဉ်တွေနဲ့  လေကြောင်းပညာရပ်တွေကို စိတ်ဝင်စားတာကြောင့် ဒီသင်တန်းကို လာတက်တာ ဖြစ်ပါတယ်။ သင်တန်းပြီးသွားရင်လည်း လေကြောင်းပညာရပ်တွေကို ဆက်ပြီး လေ့လာသွားပါမယ်။ ကျောင်းပြန်ဖွင့်ရင်   သူငယ်ချင်းတွေကိုလည်း  ဒီအကြောင်းတွေ ပြန်လည်မျှဝေသွားမှာပါ။ ကျွန်တော့်အနေနဲ့  နိုင်ငံတော်ကို   အကျိုးပြုနိုင်တဲ့၊ ထူးချွန်တဲ့  လေသူရဲကောင်းတစ်ဦး ဖြစ်အောင်ကြိုးစားဖို့ ရည်မှန်းထားပါတယ်။

မအေးမြတ်မြတ်ငြိမ်း(အခြေခံလေကြောင်းလူငယ် အကြီးတန်းအဆင့်သင်တန်းသူ)

    ကျွန်မနာမည်က မအေးမြတ်မြတ်ငြိမ်း ဖြစ်ပါတယ်။   ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်က  လာရောက်ပြီး သင်တန်း တက်ရောက်တာပါ။ မိဘနှစ်ပါးစလုံးက  အစိုးရဝန်ထမ်း အလုပ်လုပ်ပါတယ်။

    ကျွန်မရဲ့အသက်က   ၁၇  နှစ်ဖြစ်ပြီး Grade-11  ဖြေဆိုထားပါတယ်။   ကျွန်မကိုယ်တိုင်က လေယာဉ်တွေနဲ့ လေကြောင်း ပညာရပ်တွေကို  စိတ်ဝင်စားတာကြောင့်  သင်တန်း လာတက်တာပါ။ ကျွန်မအနေနဲ့ ထူးချွန်ထက်မြက်ပြီး  နိုင်ငံ့အကျိုးသယ်ပိုးနိုင်တဲ့   အင်ဂျင်နီယာ တစ်ဦးဖြစ်အောင် ကြိုးစားဖို့ ရည်မှန်းထားပါတယ်။

မောင်စစ်နိုင်ထွန်း (ရေကြောင်းလူငယ် အခြေခံသင်တန်းသား)

     ကျွန်တော်က   ရေကြောင်းလူငယ် အခြေခံသင်တန်းမှာ တက်ရောက်နေတဲ့ မောင်စစ်နိုင်ထွန်း ဖြစ်ပါတယ်။ ရေကြောင်း ဆိုင်ရာ ပညာရပ်တွေကို  အရင်ကတည်းက  စိတ်ဝင်စားပါတယ်။  သင်တန်းမှာ ရေတပ်သား ဘာသာရပ်တွေအပြင် မြန်မာ့တပ်မတော်မှာ ရှိတဲ့  စစ်ရေယာဉ်တွေကိုလည်း   လေ့လာခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားပါတယ်။  ဒါ့ပြင် စစ်ရေယာဉ် တစ်စင်းရဲ့ဖွဲ့စည်းပုံ၊     လုပ်ဆောင်ရတဲ့ တာဝန်ဝတ္တရား စတာတွေကိုလည်း သိခွင့်ရမှာဖြစ်ပါတယ်။ ခေတ်မီနိုင်ငံတည်ဆောက်ရာမှာ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍက  အရေးကြီးတဲ့အတွက် နောက်နှစ် တန်းမြင့်သင်တန်းတွေဖွင့်ရင်လည်း  တက်ရောက်လေ့လာ သင်ယူသွားမှာပါ။

မောင်မင်းသူခန့်(ရေကြောင်းလူငယ်တန်းမြင့်သင်တန်းသား)

    ကျွန်တော်က     ၂၀၁၉    ခုနှစ်က ရေကြောင်းလူငယ်  အခြေခံသင်တန်းကို တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။အရင် အခြေခံ သင်တန်းတုန်းကလည်း ရေကြောင်း အသိပညာတွေ၊    ဗဟုသုတတွေတိုးပြီး သူငယ်ချင်း အသစ်တွေလည်း ရခဲ့ပါတယ်။ အခုတန်းမြင့်သင်တန်းကို ဆက်ပြီးတက် ရောက်တာပါ။ သင်တန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့   နိုင်ငံတော်အကြီးအကဲကိုလည်း    ကျေးဇူးတင်ပါတယ်။

ကျွန်တော့်လို  လူငယ်တစ်ယောက် အနေနဲ့ ရေကြောင်းနဲ့ ပတ်သက်တဲ့ပညာရပ်တွေကို လေ့လာခွင့်ရတာလည်း   ကံကောင်းတယ်လို့ပြောလို့ ရပါတယ်။   ရေကြောင်းဆိုင်ရာ ပညာရပ်တွေက    ကျွန်တော်တို့အတွက်  အရေးပါတဲ့ ပညာရပ်တွေဖြစ်ပါတယ်။ သင်တန်းမှာ ရေကူးနဲ့ လှေလှော်ရွက်တိုက် ဘာသာရပ်တွေကို သင်ကြားပေးတဲ့အတွက်      ရေနဲ့ရင်းနှီးကျွမ်းဝင်ပြီး   မိမိကိုယ်မိမိ     ယုံကြည်စိတ်တွေရရှိစေပါတယ်။  ဒါ့ပြင်  ရေယာဉ်မှာပါတဲ့  အရာ ဝတ္ထုတွေ၊   အသုံးအဆောင်ပစ္စည်းတွေ၊ ရေကြောင်းဆိုင်ရာ ဝေါဟာရတွေ၊ ရေတပ်သားဘာသာရပ်တွေကို  သင်ကြားရပြီး စစ်ရေယာဉ်တစ်စင်းရဲ့ ဖွဲ့စည်းပုံ၊ ရေတိုင်းခြင်း စတဲ့သင်ခန်းစာတွေကိုလည်း သင်ကြားရတာဖြစ်တဲ့အတွက် နောင်နှစ်သင်တန်းတွေမှာ ကျွန်တော်တို့လို လူငယ်တွေအနေနဲ့ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

မမေဖူးသဒ္ဒါ(ရေကြောင်းလူငယ်အခြေခံသင်တန်းသူ)

    ကျွန်မနာမည်က    မမေဖူးသဒ္ဒါဖြစ်ပါတယ်။ ဒီနှစ်မှ ရေကြောင်းလူငယ်အခြေခံ သင်တန်းကို  စတက်တာပါ။  သင်တန်း တက်ခွင့်ရတာကိုလည်း ပျော်ရွှင်ရပါတယ်။ ရေကြောင်း ပညာရပ်တွေနဲ့  ရေကြောင်း သွားလာရေးဆိုင်ရာ အတတ်ပညာတွေကို လေ့လာသင်ယူရတဲ့ အတွက် အကျိုးကျေးဇူး အများကြီးရှိပါတယ်။ စိတ်ပါဝင်စားစွာနဲ့ အတတ်ပညာတွေကို လေ့လာသင်ယူနေပါတယ်။ ဒီသင်တန်းက ကိုယ့်အားကိုယ်ကိုးစေတဲ့  စိတ်ဓာတ်၊ သူငယ်ချင်းတွေနဲ့  စည်းလုံးညီညွတ်စွာ အဖွဲ့လိုက် ပေါင်းသင်းလုပ်ကိုင်ရတဲ့ စိတ်ဓာတ်တွေကို   ပေးစွမ်းတဲ့အတွက်  လူငယ်တွေအတွက် အတွေ့အကြုံ၊   ဗဟုသုတအသစ်တွေ ရစေပါတယ်။     နွေရာသီကျောင်းပိတ်ရက်မှာ အချိန်တွေအလဟဿ မဖြစ်စေဘဲ တန်ဖိုးရှိရှိဖြတ်သန်းခွင့်ရတဲ့ အတွက်လည်း သင်တန်းစီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကို ကျေးဇူးတင်ပါတယ်။သင်တန်းမှာ မိဘများသဖွယ် သင်ကြားပေးကြတဲ့ ဆရာတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။