တစ်နှစ်မှာ လျှပ်စစ်သုံးမော်တော်ယာဉ်စီးရေ စုစုပေါင်း ၁၀၀၀၀ ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်နံပါတ်နဲ့ မှတ်ပုံတင်ချင်တယ်ဆိုရင် ယာဉ်ဟောင်းအပ်နှံစလစ်(ပုံစံ-ဃ) တင်ပြဖို့လိုအပ်ပါတယ်။

တစ်နှစ်မှာ လျှပ်စစ်သုံးမော်တော်ယာဉ်စီးရေ စုစုပေါင်း ၁၀၀၀၀ ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်နံပါတ်နဲ့ မှတ်ပုံတင်ချင်တယ်ဆိုရင် ယာဉ်ဟောင်းအပ်နှံစလစ်(ပုံစံ-ဃ) တင်ပြဖို့လိုအပ်ပါတယ်။

ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံများသည် တွင်းထွက်လောင်စာဆီသုံးစွဲမှုများအစား လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ဟိုက်ဒရိုဂျင်နှင့်  ဇီဝလောင်စာ စသည်တို့ဖြင့် အစားထိုးသုံးစွဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအင် အသုံးပြု မောင်းနှင်သည့်ယာဉ်များ ထုတ်လုပ်အသုံးပြုခြင်းနည်းလမ်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

 မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်စွမ်းအင် အသုံးပြုမောင်းနှင်သည့်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် အမျိုးသား အဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိ၍ ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လျှပ်စစ်သုံးယာဉ်များအတွက် လိုင်စင်ထုတ်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍   ပြည်သူများသိရှိနိုင်စေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

ဦးရန်နိုင်လွင်

(ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန)

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီအောက်မှာ လုပ်ငန်းကော်မတီငါးခုနဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။  လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်း ကော်မတီကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ တာဝန် ယူဆောင်ရွက်လျက် ရှိပါတယ်။

လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ အနေနဲ့ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေကို ပြည်တွင်း၊ ပြည်ပမှ ပိုမိုရင်းနှီးမြှုပ်နှံ နိုင်ရေး ဦးစားပေးမြှင့်တင်တဲ့ ရင်းနှီးမြှုပ်နှံသူကဏ္ဍမှာ ထည့်သွင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်ခြင်း၊ တည်ဆဲဥပဒေတွေ၊ မူဝါဒတွေမှာ   ဦးဆောင်ကော်မတီက အတည်ပြုချမှတ်ထားတဲ့ တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုဆိုင်ရာ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဆောင် ရွက်နိုင်ရေး တိကျတဲ့ညွှန်ကြားချက်တွေနဲ့ အသိပေးခြင်း၊ လျှပ်စစ်သုံးယာဉ်အပါအဝင် ဘက်ထရီအားသွင်းစက်များ၊ ဆက်စပ်ပစ္စည်းများနဲ့ စပ်လျဉ်းပြီး ဦးဆောင်ကော်မတီက အတည်ပြုချမှတ်ထားတဲ့   မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုး မှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသား အဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ခွင့်ပြုချက်နဲ့ လျှပ်စစ်သုံးယာဉ်တင်သွင်းတဲ့   ကုမ္ပဏီတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ တင်သွင်းခွင့်ပြုနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကနဦးစီမံကိန်းကာလအတွင်း ပြည်ပက လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမယ့်စည်းကမ်းချက်တွေကို သတ်မှတ်တဲ့အမိန့်ကြော်ငြာစာ အမှတ် (၆၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူတွေ မနစ်နာစေရေးတွက် လျှပ်စစ်သုံးယာဉ်တင်သွင်းတဲ့ ကုမ္ပဏီတွေကို ပင်ရင်းကုမ္ပဏီ ကနေဖြစ်စေ၊ Regional Office ကနေဖြစ်စေ  Dealership / Distributorship ခန့်အပ်ခြင်းကို ဆောင်ရွက်ခြင်း၊ ဝယ်ယူသုံးစွဲသူပြည်သူတွေအတွက်  Saleservice & Spare Parts (3S)နဲ့ အာမခံဆောင်ရွက်နိုင်တဲ့ အရောင်းပြခန်းဖွင့်လှစ် ဆောင်ရွက်စေခြင်း၊ အရောင်းပြခန်းဖွင့်လှစ်ခြင်း ရှိ/မရှိကို မြေပြင်စစ်ဆေးရေးအဖွဲ့နဲ့ စိစစ်ခြင်းနဲ့ အရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုခြင်းကို ဆောင်ရွက်လျက်ရှိတဲ့အပြင် အရောင်းပြခန်း ဖွင့်လှစ်ခြင်းဆိုင်ရာ စည်းကမ်းချက်ကို  အမိန့်ကြော်ငြာစာအမှတ်(၂၄/၂၀၂၁)ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒီစည်းကမ်းချက်မှာ အဓိကအချက်ဖြစ်တဲ့ တင်သွင်းလာတဲ့မော်တော်ယာဉ်တွေကို သတ်မှတ်ထားတဲ့ အရောင်းပြခန်းနဲ့ သိုလှောင်ရုံမှာထားရှိရမယ်လို့ ဖော်ပြထားပြီး အရောင်းပြခန်းမှအပ အခြားနေရာတွေမှာ ပြသထားခြင်းဆောင်ရွက်မယ်ဆိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ သီးခြားခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒေါ်ခိုင်ဇာခြည်လင်း

(ဒုတိယညွှန်ကြားရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆယ်သွယ်ရေး ဝန်ကြီးဌာန)

ရန်ကုန်လိုင်စင်ရယူချင်တယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုနိုင်မှုအပေါ် မူတည်ပြီး တစ်နှစ်မှာ လျှပ်စစ်သုံးမော်တော် ယာဉ်စီးရေ စုစုပေါင်း ၁၀၀၀၀ ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်နံပါတ်နဲ့ မှတ်ပုံတင်ချင်တယ်ဆိုရင် ယာဉ်ဟောင်းအပ်နှံစလစ်(ပုံစံ- ဃ) တင်ပြဖို့ လိုအပ်ပါတယ်။ အခု ၂၀၂၃ ခုနှစ် Pilot Project ကာလမှာ  EV Taxi ယာဉ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးနေရာမှာ စီးရေခွဲပြီး မှတ်ပုံတင်ခွင့်ပြုထားပါတယ်။ ဒီ EV Taxi ယာဉ်တွေအနက် ရန်ကုန်မြို့အတွင်းမှာ Taxi ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ဖို့ တင်သွင်းခွင့်ပြုထားတဲ့ EV Taxi  ယာဉ်တွေကိုတော့ (ပုံစံ-ဃ) စလစ်မလိုအပ်ဘဲ ရန်ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အခြားမန္တလေး၊ နေပြည်တော်တို့မှာ  Taxi ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မယ့် EV Taxi တွေကတော့  သက်ဆိုင်ရာ မန္တလေး၊ နေပြည်တော် နံပါတ်တွေနဲ့သာ မှတ်ပုံတင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီတွေက ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ Taxi ယာဉ်တွေအနက် ရန်ကုန်လိုင်စင်လိုချင်တယ်ဆိုရင် “ဃ” စလစ် လိုအပ်မှာဖြစ်ပါတယ်။ ထို့အတူ ကျန် EV Taxi ၊ EV ကိုယ်ပိုင်လူစီးယာဉ်တွေ၊ EV ခရီးသည်တင်ယာဉ်တွေနဲ့ EV Delivery ယာဉ်တွေအားလုံးအတွက်လည်း (ပုံစံ-ဃ) စလစ်တင်ပြမှသာ ရန်ကုန်လိုင်စင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးနဲ့ အတည်ပြုထုတ်ပြန်ပြီး ဖြစ်တဲ့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒပါ ၂၀၅၀ ပြည့်နှစ်မှာ လျှပ်စစ်သုံးယာဉ်အသုံးပြုမှု ၁၀၀ ရာခိုင်နှုန်းဖြစ်စေရေး မျှော်မှန်းချက်အရ လောင်စာဆီသုံးယာဉ်တစ်စီးအပ်နှံပြီး ရန်ကုန်လိုင်စင် EV ယာဉ်တစ်စီး အစား ထိုးမှတ်ပုံတင်ပေးမှသာ မျှော်မှန်းချက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီး လိုင်စင်နဲ့ မှတ်ပုံတင်မယ့် မော်တော်ယာဉ်တွေ(ပုံစံ-ဃ)စလစ်တင်ပြဖို့  လိုအပ်တာကလည်း အရင် ၂၀၁၈ ခုနှစ်ကတည်းက  ကျင့်သုံးခဲ့တဲ့  လုပ်ငန်းစဉ်အတိုင်းပဲ   မပြောင်းမလဲ ဆက်လက်ကျင့်သုံး ဆောင်ရွက်နေခြင်းကြောင့်  ဖြစ်ပါတယ်။

လျှပ်စစ်သုံးယာဉ်တွေကို ပဲခူးလိပ်စာနဲ့ မှတ်ပုံတင်ဆောင်ရွက်မယ်ဆိုရင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံစလစ်(ပုံစံ-ဃ) တင်ပြရန် မလိုအပ်ပေမယ့် အမည်၊ နေရပ်လိပ်စာ မှန်ကန်စေရေးအတွက်  ပဲခူးမှာ အမှန်တကယ် နေထိုင်ခြင်း ရှိမှသာ ပဲခူးလိုင်စင်ခွင့်ပြုထုတ်ပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ်နေထိုင်သူတွေအနေနဲ့ EV ယာဉ်တွေကို စလစ်(ပုံစံ-ဃ) မတင်ပြဘဲ အမှန်တကယ်နေထိုင်တဲ့ လိပ်စာနဲ့မှတ်ပုံတင် ဆောင်ရွက်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး မှတ်ပုံတင်ရုံးတွေနဲ့ ပဲခူးတိုင်း ဒေသကြီးမှအပ ပိုင်ရှင်ဆန္ဒပြုတဲ့ မှတ်ပုံတင်ရုံးမှာအထောက်အထား တောင်းခံခြင်းမပြုဘဲ မှတ်ပုံတင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 အောင်ရဲသွင်၊ ဟိန်းမင်းစိုး

ဓာတ်ပုံ -ကိုကိုအေး