တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် လူရည်ချွန်မောင်မယ်များ၏ စကားသံများ

တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် လူရည်ချွန်မောင်မယ်များ၏ စကားသံများ

နေပြည်တော်  ဧပြီ  ၃၀

    ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀ ဦး၊ ဒသမတန်း လူရည်ချွန် ၁၆၀ ဦး၊ ဧကာဒသမတန်း လူရည်ချွန်  ၁၅၈ ဦး  စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး တောင်ကြီးလူရည်ချွန်စခန်းမှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်-

ဦးမြင့်လွင် (ရှမ်းပြည်နယ်ပညာရေးမှူး၊ တောင်ကြီးလူရည်ချွန်စခန်းမှူး)

    တောင်ကြီးလူရည်ချွန်စခန်းမှာ ဒသမတန်း လူရည်ချွန်ကျောင်းသား ၈၀ ဦး၊ ကျောင်းသူ ၇၉ ဦးနှင့် ကြီးကြပ် ၁၇ ဦး စုစုပေါင်း ၁၇၆ ဦးလာရောက်ပြီးတော့ အခြေပြုစခန်းချလျက် ရှိပါတယ်။  သူတို့အတွက် ကျွန်တော်တို့ ကြိုတင်ပြီး တည်းခိုရေး၊ နေထိုင်စားသောက်ရေးကတော့ ဒီတောင်ကြီး အထက(၁)မှာပဲ တစ်လလောက်  ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မီး၊ မိလ္လာကအစ အားလုံး သန့်ရှင်းရေးကြိုပြီးတော့ ဆောင်ရွက်ထားရှိပါတယ်။ လူရည်ချွန်မောင်မယ်များကို ရှမ်းပြည်နယ် အထင်ကရနေရာများ ဖြစ်သော ဗဟုသုတရနိုင်တဲ့ အင်းလေးကန်ရေပြင်နဲ့ ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးဘုရား၊ နောက်တစ်ခါ ပင်းတယမြို့ သမိုင်းဝင် တန်ခိုးကြီးရွှေဥမင်ဘုရား၊   ပင်းတယ ပုတ်တလုတ်ကန်ကို သွားမယ်။  နောက်တစ်ရက်ကျတော့ တောင်ကြီးမြို့မှာရှိတဲ့ မြစိမ်းတောင်၊   မွေတော်ကက္ကူဘုရားနဲ့ စူဠာမုနိဘုရားတို့အပြင် တောင်ကြီးမြို့၏ ရောင်းဝယ်ဖောက်ကားမှုကို လေ့လာနိုင်ရန် မြို့မဈေးတို့ကိုလည်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ လူရည်ချွန်မောင်မယ်တွေကို လေ့လာရေး ဆောင်ရွက်ပေးတာကတော့ ဒီအထင်ကရ နေရာတွေကို လေ့လာစေချင်တာကတော့ အဓိကထင်ရှားတဲ့ တန်ခိုးကြီး ဘုရားတွေကိုကြည့်ပြီး လှပတဲ့သဘာ၀ တောင်ပေါ်ရှုခင်းများနဲ့    ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေကို    သိရှိဖို့အတွက်   ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။

ဦးစိုးမြင့်(တက္ကသိုလ်စိုးစံ)လူရည်ချွန် ၁၉၆၄-၈၈ ဗဟိုအဖွဲ့ဒုတိယ ဥက္ကဋ္ဌ-၁

     တောင်ကြီးလူရည်ချွန်စခန်းမှာ ဆရာဟောပြောခဲ့တာကတော့ ထာဝရ လူရည်ချွန်နှင့် အပန်းဖြေခြင်း ခေါင်းစဉ်ဖြစ်ပါတယ်။ လူရည်ချွန်တွေအပန်းဖြေတာဟာ ဘယ်လိုဖြေရမလဲဆိုတဲ့ ဖြေပုံဖြေနည်း၊ သူတို့ရဲ့ အပန်းဖြေနည်းလေးတွေကို လက်ဆင့်ကမ်း ပြောပြခဲ့တာဖြစ်ပါတယ်။ အတွေ့အကြုံတွေ ရရှိစေတာကတော့ အများကြီးပေါ့၊ နိုင်ငံတော်က သူတို့ကို စာသင်ခန်းတွေအထဲမှ အခုလိုအပန်းဖြေစခန်းတွေ လွှတ်တယ် ဆိုတာကတော့ စာသင်ခန်းထဲမှာ သင်သိ ပညာရေးပေါ့၊  သင်သိပညာရေးမှ အခုအပန်းဖြေစခန်းတွေကို လွှတ်တယ်ဆိုတာက အပန်းဖြေစခန်းတွေရဲ့ ဒေသန္တရဗဟုသုတတွေ ရရှိမယ်။ နောက်တစ်ခုက သူတို့ရဲ့ ပတ်ဝန်းကျင်အပေါ် လူမှုဆက်ဆံရေးတွေ ရရှိမယ်။ အဓိကကတော့ လာရောက်ပြီး ဟောပြောပို့ချတဲ့သူတွေရဲ့ အတွေးအမြင် အသိအမြင်တွေရရှိမယ်။ နောက်တစ်ခုက လူရည်ချွန်ကြီးတွေ နယ်ပယ်အသီးသီးမှာ ဘယ်လို ဦးဆောင်နေတယ်။ နိုင်ငံတော်ရဲ့ ဘယ်လိုရင်းနှီး မြှုပ်နှံတယ်ဆိုတာကို သူတို့သိမယ်။ အဲ့ဒီကမှ သူတို့ အတွေးသိ အမြင်သိ ကြံဆအသိတွေရဖို့အတွက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံခဲ့တာပါပဲ။ လူရည်ချွန်မောင်မယ် တွေကိုမှာကြားချင်တာကတော့  လူငယ်ဆိုတာကတော့ စိတ်ဓာတ်က နုသေးတာပေါ့လေ၊  ဒီအထဲမှာ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုတွေ၊ တခြားမလိုလားအပ်တဲ့ အရောင်ဆိုးမှုတွေပါသွားပြီး သူတို့လမ်းကြောင်း တိမ်းသွားမှာ    စိုးရိမ်တာကြောင့် မှာချင်ပါတယ်။

ဒေါ်နန်းမိုမိုသီတာ(၁၉၈၀-၈၄-၈၇)လူရည်ချွန် သုံးကြိမ်ရ

    ဒီနေ့ တောင်ကြီး လူရည်ချွန်စခန်းမှာတော့ ဦးနှောက်နဲ့ ဦးနှောက် အလုပ်လုပ်ပုံ အကြောင်းရယ်။     သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်ဖြင့်    ဘဝတစ်လျှောက် ဦးနှောက်အသုံးချပုံ၊ လူရည်ချွန်နှင့် ပညာရေး၊ သက်ကြီးစကားသက်ငယ်ကြား၊ Entrepreneurship အကြောင်း၊ ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်၊ တောင်ပေါ်သူကျွန်မ လူရည်ချွန်ဘဝ ဆိုတဲ့ အကြောင်းတွေကို ဟောပြောခဲ့တာဖြစ်ပါတယ်။ လူရည်ချွန်မောင်မယ်များ အနေဖြင့် ပညာပြည့်ဝ၊  နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊   ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏ ဆိုတဲ့အတိုင်း ပညာပြည့်ဝနှလုံးလှတဲ့ သူတွေ ဖြစ်စေချင်ပါတယ်။ လူရည်ချွန်မောင်မယ်တွေကို အနာဂတ်မှာ သူတို့ရဲ့လက်ထဲကို  ကျွန်မတို့က အပ်ခဲ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့လည်း စူးစမ်းတီထွင်စိတ်ဖြစ်အောင်၊ ဘဝမှာ ဘယ်လိုမျိုးခံယူချက်နဲ့ သွားနိုင်ရမယ် ဆိုတာလေးကို ကျွန်မတို့က လက်ဆင့်ကမ်း ဟောပြောခဲ့တာဖြစ်တဲ့အတွက် သူတို့လိုက်နာ ကျင့်သုံးသွားနိုင်မယ်ဆိုရင်တော့ အောင်မြင်တဲ့ လက်ဆင့်ကမ်းအမွေဖြစ်မှာ သေချာပါတယ်။

မသန့်ထိပ်ထားဦး(နှစ်ထပ်ကွမ်းလူရည်ချွန်၊ မကွေးတိုင်းဒေသကြီး)

    အားလုံးပဲမင်္ဂလာပါ၊ သမီးနာမည်ကတော့ မသန့်ထိပ်ထားဦးဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နဲ့ အခု၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ထပ်ကွမ်း လူရည်ချွန်ရရှိတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မကွေးခရိုင် ကိုယ်စားပြု လူရည်ချွန်တစ်ယောက်ဖြစ်ပါတယ်။ သမီးတို့ မကွေးကနေ နေပြည်တော်ကို လာရတယ်။ နေပြည်တော်ကနေမှ  အခုတောင်ကြီး လူရည်ချွန်စခန်းကိုရောက်တယ်။ လမ်းတစ်လျှောက်မှာလည်း သူငယ်ချင်း အသစ်တွေရပြီးတော့ အတွေ့အကြုံကောင်းတွေလည်း    အများကြီးရရှိခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသန္တရဗဟုသုတတွေရော လေ့လာစရာတွေ အများကြီး ရရှိခဲ့ပါတယ်။ လူရည်ချွန်ဟောင်းတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါမှာ ဆရာကြီး၊ ဆရာမကြီးတွေက သူတို့ရဲ့အတွေ့အကြုံများကို အသီးသီး ပြောကြပါတယ်။  သမီးတို့သိချင်တာတွေလည်း ဖြေကြားပေးပါတယ်။ ဆရာမကြီး ဒေါ်နန်းမိုမိုသီတာပြောတဲ့ စွန့်ဦးတီထွင် ဆိုတာလေးကို စိတ်ဝင်စားလို့ အဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်ရှင့်။ ဆရာကြီး၊ ဆရာမကြီးများ မှာကြားတဲ့အတိုင်း သမီးတို့က လူရည်ချွန်တွေဖြစ်တဲ့အတွက် အားလုံးထက်ထူးခြားတဲ့ စံပြကျောင်းသားတွေ ကိုယ့်ရဲ့အရည်အချင်းကိုလည်း ဆက်လက် ထိန်းသိမ်းထားဖို့နဲ့    ရှေ့လျှောက် ပိုမိုကောင်းအောင်လည်း ကြိုးစားသွားပါမယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက်နဲ့ ကိုယ့်နိုင်ငံအတွက်ပါ အကျိုးပြုနိုင်တဲ့ လူချွန်လူကောင်း တွေဖြစ်အောင် ကြိုးစားသွားပါမယ်။

မစံအိန္ဒြေညိမ်း (လူရည်ချွန်၊ ပဲခူး(အရှေ့)ညောင်လေးပင်)

    သမီးကတော့   ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း   အထက(၁)ညောင်လေးပင် ပဲခူးခရိုင်ရဲ့ကိုယ်စားပြု     လူရည်ချွန် မစံအိန္ဒြေညိမ်းဖြစ်ပါတယ်။ သမီးတို့ ဒီ ၂၀၂၃နှစ် ဒသမတန်း လူရည်ချွန်တစ်ယောက် အနေနဲ့ ရွေးချယ်ခံရပြီးတော့ သက်ဆိုင်ရာ လူရည်ချွန်စခန်းဖြစ်တဲ့    ဒီတောင်ကြီး လူရည်ချွန်စခန်းကို   ရောက်ရှိခဲ့ပါတယ်။ အထက(၁)တောင်ကြီးမှာ တည်းရပါတယ်။ ရောက်ရှိပြီဆိုတာနဲ့ ဆရာ၊ ဆရာမတွေက အားလုံးကို လိုလေသေး မရှိအောင်ထားပေးပါတယ်။   နေစရာ၊   ရေချိုးစရာ၊ စားသောက်ရတာတွေလည်း   အကုန်အဆင်ပြေပါတယ်။ Wifi သုံးနိုင်အောင်လည်း လုပ်ပေးတယ်။ သမီးတို့အတွက် အဆင်ပြေအောင် လုပ်ပေးထားတဲ့အတွက် တောင်ကြီးလူရည်ချွန်စခန်းက တာဝန်ရှိသူ ဆရာ၊ ဆရာမတွေအားလုံးကို  ကျေးဇူးတင်ရှိပါတယ်။ ဒီတောင်ကြီးလူရည်ချွန် စခန်းမှာ  လူရည်ချွန်ဟောင်း ဆရာကြီး၊ ဆရာမကြီးတွေနဲ့   တွေ့ဆုံဆွေးနွေးပွဲလည်း လုပ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဆရာ ဒေါက်တာတစ်ယောက်ပြောတဲ့   ဘဝတစ်လျှောက်လုံးမှာ ဦးနှောက်ကို အသုံးချပုံဆိုတဲ့ ဟောပြောဆွေးနွေးပွဲမှာ သမီးအနေနဲ့ ဆရာ့ကို တစ်ခုလောက်မေးခဲ့ပါတယ်။  ဆရာကလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ သမီးတို့ကိုယ်တိုင်က အရာအားလုံးကို ဟိုစပ်စပ်ဒီစပ်စပ် လိုက်လုပ်ချင်နေတာ မဟုတ်ဘဲနဲ့ ကိုယ်ပိုင်ဦးတည်ချက်တစ်ခုထားပြီးတော့၊  ရည်မှန်းချက်တစ်ခု ထားပြီးတော့ အဲ့ဒီအတိုင်းပဲလုပ်ရန် ဆရာက ပြောပါတယ်။ ဆရာ့ရဲ့အဖြေကိုလည်း ကျေနပ်ပါတယ်။ အဲ့ဒါကြောင့် အခုဆိုလို့ရှိရင် ကိုယ်ဘယ်လို ဦးတည်ချက်ထားရမယ် အဲ့ဒီအတွက် သမီးဘယ်လို ဆုံးဖြတ်ချက် ချရပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပညာရပ်တွေ အများဆုံးတတ်မြောက်ထားတဲ့ လူတစ်ယောက်အနေနဲ့ ဆက်သွားနိုင်ဖို့ ဆရာ့ရဲ့    မိုတီဘေးရှင်းတွေလည်း အများကြီးရရှိခဲ့ပါတယ်။  ဒီထက်ပိုပြီးတော့ နောက်နှစ်တွေမှာလည်း နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း လူရည်ချွန်အနေနဲ့ ခရိုင်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားသွားပါမယ်။    နိုင်ငံ့ဂုဏ်ဆောင် လူရည်ချွန် တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်။

မောင်ဇော်ထက်(လူရည်ချွန်၊ရှမ်းပြည်နယ်တောင်ပိုင်း(လင်းခေး)ကိုယ်စားပြု)

    ကျွန်တော်ကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်တောင်ပိုင်း (လင်းခေး)ကိုယ်စားပြု  ကျောင်းသား မောင်ဇော်ထက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကလောမြို့ အခြေခံပညာအထက်တန်းကျောင်းမှာ   လေ့လာသင်ယူစရာတွေ အကုန်လုံးကို လေ့လာသင်ယူခဲ့ပါတယ်။ ကလောစခန်းကနေမှ ဒီတောင်ကြီးစခန်းကို ထွက်ခွာလာရတဲ့အထဲမှာ ကျွန်တော်က ရှမ်းပြည်နယ်တောင်ပိုင်းက လူရည်ချွန်ဖြစ်တဲ့ အတွက်ကြောင့် လိုက်ပါလာကြတဲ့ ညီအစ်ကိုမောင်နှမတွေ အကုန်လုံးကိုလည်း ပြည်နယ်ရဲ့ မြို့တစ်မြို့ချင်းစီရဲ့အကြောင်းအရာတွေ  ဗဟုသုတတွေကို ကျွန်တော် သိသလောက် အကုန်လုံးရှင်းပြခဲ့ပါတယ်။ ဒီတောင်ကြီးလူရည်ချွန် စခန်းမှာ သူငယ်ချင်းတွေနဲ့အတူတူ ကြိုဆိုခဲ့တာ ခံရတဲ့အခါမှာ အလွန်ပဲဝမ်းမြောက်မိပါတယ်။ နောက်ရက်တွေမှာ လူရည်ချွန်တွေကို  လေ့လာရေးပို့တဲ့အထဲမှာ ကျွန်တော်ကတော့ အင်းလေးဒေသကို  သွားရောက်လေ့လာချင်မိပါတယ်။ အင်းလေးဒေသမှာ ကမ္ဘာကျော် ဖောင်တော်ဦး  ဘုရားကြီးရှိတဲ့အတွက်ကြောင့်  ကျွန်တော့်အနေနဲ့ တစ်ခါမှ မရောက်ဘူးတဲ့ အတွက်ကြောင့် ဖူးမြော်ချင်မိပါတယ်။ ပြီးတော့ အင်းလေးကန်အတွင်းမှာရှိတဲ့  သူတို့ရိုးရာယဉ်ကျေးမှုလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ အခုလိုအနယ်နယ် အရပ်ရပ်ကလာတဲ့ လူရည်ချွန်တွေကို အခုလိုနိုင်ငံတော် အစိုးရမှလေ့လာရေး ပို့ပေးတဲ့အတွက်ကြောင့်  ကျွန်တော့်အနေနဲ့   အလွန်ပဲဝမ်းမြောက် ဂုဏ်ယူမိပါတယ်။  ကျေးဇူးလည်းတင်ပါတယ်။ တစ်နှစ်မှ တစ်ခါပဲရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးတော့   မိမိတို့ဒေသတွေကို ပြန်လည်ရောက်ရှိတဲ့အခါမှာရရှိခဲ့တဲ့ အသိပညာ ဗဟုသုတတွေကို ညီအစ်ကိုမောင်နှမတွေ အကုန်လုံးကို မျှဝေသွားပါမယ်။    ။