ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)တွင် ထိုင်းနှင့်ဗီယက်နမ် အနိုင်ရ

ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)တွင် ထိုင်းနှင့်ဗီယက်နမ် အနိုင်ရ

ရန်ကုန်  ဧပြီ  ၃၀

(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ကို ဧပြီ ၃၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရာ ထိုင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း အနိုင်ရခဲ့သည်။

အုပ်စု(ခ)  ပထမနေ့တွင် နာမည်ကြီး နှစ်သင်းစလုံး အနိုင်ရခဲ့ပြီး ထိုင်းအသင်းက စင်ကာပူအသင်းကို      ၃ ဂိုး-၁ ဂိုး၊ ဗီယက်နမ်အသင်းက လာအိုအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ထိုင်းအသင်းသည် စင်ကာပူကို အခက်အခဲမရှိ အနိုင်ယူပြီး ပွဲဦးထွက် အမှတ်ပြည့် ရယူနိုင်ခဲ့သည်။

ထိုင်းအသင်းအတွက် ဂိုးများကို ၈ မိနစ်တွင် တီယာဆတ်၊ ၃၉ မိနစ်တွင် အချစ်ပိုလ်နှင့် ၄၇ မိနစ်တွင် သောင်ဆာနစ်တို့က သွင်းယူပြီး စင်ကာပူအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၁ မိနစ်တွင် နစ်ကီက သွင်းယူခဲ့သည်။

လက်ရှိချန်ပီယံ  ဗီယက်နမ်အသင်းမှာလည်း အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့သော်လည်း နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ပွဲအစ ၂ မိနစ်တွင် ငုယင်ဗန်သောင်က ဗီယက်နမ်အတွက် ဂိုးစတင်သွင်းယူခဲ့ပြီး နောက်ပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ဗီယက်နမ်အသင်းအတွက် ဒုတိယဂိုးကို မိနစ် ၉၀ တွင် ငုယင်ဗီယက်က သွင်းယူခဲ့သည်။

မေ ၁ ရက်တွင် ဘောလုံးပွဲစဉ်မရှိဘဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။