ရွှေတောင်မြို့ရှိ ဂန္ဓမာပန်းစိုက်တောင်သူများ တစ်ဧကအကျိုးအမြတ် ငွေကျပ် ၂၄ သိန်းခန့် ရရှိ

ရွှေတောင်မြို့ရှိ ဂန္ဓမာပန်းစိုက်တောင်သူများ တစ်ဧကအကျိုးအမြတ် ငွေကျပ် ၂၄ သိန်းခန့် ရရှိ

    ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ရွှေတောင်မြို့နယ် မီးလောင်အုပ်စု အင်္ဂလှိုင်ဂန်ကျေးရွာတွင် ဂန္ဓမာပန်းများ စီးပွားဖြစ်စိုက်ပျိုးထားရှိပြီး   ဂန္ဓမာပန်း စိုက်ပျိုးသူ တောင်သူများ အနေဖြင့်   စိုက်ပျိုးအောင်မြင်သော တစ်ဧကစိုက်ပျိုးမှု အတွက် အသားတင် အကျိုးအမြတ် ငွေကျပ် ၂၄ သိန်းခန့်ရရှိကြောင်း အဆိုပါ ဂန္ဓမာပန်းစိုက် တောင်သူများထံမှ  သိရသည်။

ဂန္ဓမာပန်းကို နတ်တော်လတွင်  စတင်စိုက်ပျိုးပြီး တန်ခူးလတွင်  စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးသည့်မျိုးမှာ  မြနှင်းဖြူမျိုးကို  စိုက်ပျိုးပြီး  တစ်ဧကလျှင် အပင်ရေ ၂၈၀၀၀ ခန့် စိုက်ပျိုး၍ရကြောင်း၊  ဂန္ဓမာပန်း တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ငွေကျပ် သိန်း ၂၀  ကျော်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးစရိတ်များကြီးမြင့်ခြင်း၊  သွင်းအားစုများ ဈေးနှုန်း မြင့်မားခြင်းတို့ကြောင့် စိုက်ပျိုးမှု ကုန်ကျစရိတ်များ မြင့်မားလာကြောင်း  သိရသည်။

ဂန္ဓမာပန်းကို  တစ်ရက်ခြားခူးဆွတ်ရပြီး  တစ်ခါခူးဆွတ်လျှင် အစည်းရေ ၁၈၀၀   ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တောင်လုံးညိုရွာမှ ဒိုင်၊ ပွဲစားများမှ လာရောက်ဝယ်ယူပြီး    ပန်းစည်းတစ်စည်းလျှင် ဖောက်သည်ဈေး ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချရပြီး ရွှေတောင်မြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့ရှိ ပန်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။