မြန်မာအသင်း အုပ်စုအဖွင့် ပွဲစဉ်တွင် တီမောလက်စ်တေ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

မြန်မာအသင်း အုပ်စုအဖွင့် ပွဲစဉ်တွင် တီမောလက်စ်တေ အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

ရန်ကုန်  မေ  ၂

    ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်   (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်းပြိုင်ပွဲ) အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) အုပ်စုပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန်  ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့်    တီမောလက်စ်တေ အသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက    မြန်မာအသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ   အပိုင်ဂိုးသွင်းခွင့် အချို့ရရှိခဲ့သော်လည်း   အဆုံးသတ်ပိုင်း လိုအပ်ချက်များကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပွဲချိန် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်    တီမောလက်စ်တေ အသင်း၏ ပြန်လည်ဖိအားပေးမှုများကြောင့်    ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၇၂ မိနစ် ထောင့်ကန်ဘောမှတစ်ဆင့် ဟိန်းထက်အောင် ဖန်တီးပေးမှုကို သက်ဟိန်းစိုးက အပိုင်ပိတ်သွင်းပြီး မြန်မာအသင်းအတွက်   ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

တီမောလက်စ်တေအသင်းကလည်း ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ပိုမိုတိုက်စစ်ဆင် ဖိအားပေးမှုပြုလုပ်ခဲ့သည့်အတွက် မြန်မာအသင်းခံစစ်ပိုင်းက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသကဲ့သို့ ဂိုးသမား ပြည့်ဖြိုးသူကလည်း အမှားအယွင်းမရှိ လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် ပွဲစဉ်အပြီးတွင် မြန်မာအသင်းမှ သက်ဟိန်းစိုး၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းပြိုင်ပွဲ) အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) အုပ်စုပွဲစဉ်အဖြစ် မေ ၄ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။