ကမ္ဘောဒီးယားဆီးဂိမ်း အမျိုးသမီးဘောလုံးအုပ်စု(က)အဖွင့်ပွဲအဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ မေ ၃ ရက်(ယနေ့) ယှဉ်ပြိုင်ကစားမည်

ကမ္ဘောဒီးယားဆီးဂိမ်း အမျိုးသမီးဘောလုံးအုပ်စု(က)အဖွင့်ပွဲအဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ မေ ၃ ရက်(ယနေ့) ယှဉ်ပြိုင်ကစားမည်

နေပြည်တော်  မေ  ၂

    ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်   (၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးအုပ်စု(က)ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန်မေ ၂ ရက် နံနက်ပိုင်းက ဖနွမ်းပင်ဟိုတယ်၌ ကျင်းပခဲ့ရာ    အုပ်စု(က)အသင်းများ ဖြစ်ကြသည့် ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့မှ နည်းပြချုပ်များနှင့် ဒေသတွင်းနိုင်ငံများမှ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနည်းပြချုပ် Uki Tetsu ro က “မြန်မာအသင်းကို   နည်းပြချုပ် အသစ်အနေနဲ့ ကိုင်တွယ်ချိန်က နည်းခဲ့ပါတယ်။   ဒီကာလထဲမှာ ကစားသမားတွေ အုပ်ချုပ်မှုအဖွဲ့တွေ အနေနဲ့ အကောင်းဆုံးပူးပေါင်း ကြိုးစားခဲ့ကြပါတယ်။ တကယ်ကိုပြိုင်ဆိုင်မှု ပြင်းထန်မယ့်အုပ်စုမှာ ကျရောက်နေတာဖြစ်လို့ မိမိတို့ တတ်စွမ်းသလောက်   အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားပါမယ်။   ကျွန်တော့်အနေနဲ့ အသင်းကို   အချက်နှစ်ချက် ပြင်ဆင်ခဲ့ပါတယ်။  အသင်းသားတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရလာဖို့နဲ့   ကျွန်တော်တို့အသင်းရဲ့ အားသာချက်တွေကို  ကောင်းကောင်း အသုံးချနိုင်ဖို့ပါ။    အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားသွားပါမယ်” ဟု  မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာအသင်းအမျိုးသမီး အသင်းအနေဖြင့်  ဆီးဂိမ်းအုပ်စု(က)  အဖွင့်ပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် မေ ၃ ရက်(ယနေ့)တွင်  Army Stadium  ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။