ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃) ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃) ကျင်းပပြုလုပ်

နေပြည်တော်၊ မေ - ၆

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အသီးသီးမှ ခရိုင်မှူးများ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လင်းခေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အလိုက် ပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။