မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲ မဟာပဋ္ဌာန်းဖွင့်ပွဲပြုလုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲပြုလုပ်

မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲ မဟာပဋ္ဌာန်းဖွင့်ပွဲပြုလုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၆

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ် ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ပဋ္ဌာန်းဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တ ဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မော်လမြိုင်မြို့၊ ပိဋကတ်တိုက်ကျောင်းစာသင်တိုက် ဦးစီး ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တပညာဝံသ က ပဋ္ဌာန်းရောင်ခြည် တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းရေအိုးများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက် ရောက်လာကြသူများက မော်လမြိုင်မြို့၊ ရွှေတောင်ကျောင်းတိုက် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေခဲ့ ကြသည်။

          ထို့ပြင် မွန်ပြည်နယ်ရှိ ပြည်နယ်ခန်းမ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တတိယအကြိမ် (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း(အငယ်တန်း) (၁၀)မြို့နယ်စုပေါင်းသင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တေသံရှင်များက ဂုဏ်ပြုတေးသီးချင်း များ၊ အကအလှများဖြင့် ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ က သင်တန်းဖွင့်လှစ်ခြင်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး ဒုတိယအကြိမ် (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာစာမေးပွဲ၌ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြကာ အဆိုပါ သင်တန်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း (၁၁၀)အားလည်းကောင်း၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ သင်တန်းသားကိုင်ပုံနှိပ်စာအုပ်များအား လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး နှင့် တာဝန်ရှိသူများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ ကျောင်းသား၊ ကျောင်းသူများ၏ (၃၈)ဖြာမင်္ဂလာတေးကဗျာသရုပ်ဖော်ဖျော်ဖြေမှုအား ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။