မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ရန်ကုန်တိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ လေ့လာဖူးမြော်ကြည်ညို

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ရန်ကုန်တိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ လေ့လာဖူးမြော်ကြည်ညို

နေပြည်တော် မေ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗဟန်းမြို့နယ် အလယ်တောရစာသင်တိုက်၊  နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တ ဂန္ဓာမာလာ ဘိဝံသ ဦးဆောင်သော ရန်ကုန် တိုင်းဒေသကြီးမှပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာ တော်စုစုပေါင်း ( ၆၅) ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြှော် ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအားအဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးများအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော် အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှုအခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်ကြီးများအား ရန်အောင်မြင်တောရ (မြို့တော်ဝန်ကျောင်း)ရှိ ဘောဇနသမ္ပဒါ ဆွမ်းစားကျောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ဖတ်သရဇ္စျယ်​တော်မှုသည့် မင်္ဂလသုတ်နှင့် အန္တရာယ်ကင်း ပရိတ်တရားတော်တို့ကို နာယူကြည်ညိုခဲ့ ကြကြောင်း သတင်းရရှိသည်။